ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး အေအေထံ လက်နက်ချ အလင်းဝင်ခဲ့သည်ဟု သိရသည်။
လိပ်ရနယ်ခြားစောင့်စခန်းအနီးတွင် ယနေ့ အောက်တိုဘာ ၁ဝ ရက် အရုဏ်ဘက် ၄ နာရီခန့်မှစတင်ကာ နှစ်ဘက်တိုက်ပွဲအပြင်းအထန် ဖြစ်ပြီးနောက် နံနက် ၇ နာရီခန့်တွင် ထိုစခန်းကို AA က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“လိပ်ရစခန်းကိုသိမ်းလိုက်တဲ့သတင်းက မှန်တယ်။ ၉၉ ရာခိုင်နှုန်းမှန်တယ်”ဟု ပြောသည်။
ယင်းသို့ တိုက်ခိုက်သိမ်းပိုက်အပြီးနောက် နယ်ခြားစောင့် ၁၄ ဦးသည် AA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟုလည်း ၎င်းက ပြောဆိုသည်။
တစ်ခြား ဒေသခံများကလည်း ယခုသတင်းအပေါ် အတည်ပြုကြပြီး ယနေ့ နံနက် ၇ နာရီတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောဆိုသည်။
ယခုလိပ်ရစခန်း သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး အေအေဘက်သို့ အတည်ပြုချက်ယူရန် ဆက်သွယ်နေဆဲဖြစ်ပါသည်။
လက်ရှိတွင် မောင်တော ကြိမ်ချောင်းရှိ အမှတ်(၇) နယ်ခြားစောင့်စခန်း (နခခ-၇)ကလည်း လက်နက်ကြီးများဖြင့် လိပ်ရဘက်သို့ ဆက်လက်ပစ်ခတ်လျက်ရှိပြီး နှစ်ဘက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။







