နေရာအနှံ့ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု ကြေညာပြီးနောက် မီးတိုက်စခန်းကို AA သိမ်းပိုက်

နေရာအနှံ့ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု ကြေညာပြီးနောက် မီးတိုက်စခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းဖြစ်သော မီးတိုက်စခန်းကို ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာလ ၁၅ ရက်နေ့ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု မီးတိုက်စခန်း အနီးရှိ အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် နေရာအနှံ့တိုင် တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု AA က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက် စစ်ရေးအရ အရေးပါသော မီးတိုက်စခန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တို့အကြား နှစ်ဘက် တိုက်ပွဲပြင်းထန်ပြီးနောက် AA က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

“မနေ့ညက ၄ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲကတော့ ဖြစ်ပါတယ်၊ တိုက်ပွဲပြင်းထန်ပြီး နောက်ပိုင်းမှာတော့ AA က ဝင်သိမ်းသွားတယ်၊ ပြီးရင်တော့ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာပစ်သွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မီးတိုက်စခန်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀ ခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။ ထိုမီးတိုက် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနိုင်သော်လည်း အရေအတွက်ကို တိတိကျကျ မသိရသေးပေ။

ယမန်နေ့က နှစ်ဘက်တိုက်ပွဲပြင်းထန်မှုနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို တရစပ်ကြားခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။ ယနေ့နံနက်ပိုင်း ထိုနေရာအနီးတစ်ဝိုက်တွင် ပစ်ခတ်သံများ ငြိမ်သက်နေကြောင်းလည်း ဆိုသည်။

“AA ဝင်သိမ်းပြီးနောက်ပိုင်း နယ်ခြားစောင့် စခန်းကုန်းကို AA က မီးရှို့သွားတယ်လို့ ကြားတယ်၊ ဒီမနက်တော့ ဘာသံမှ မကြားရပါဘူး၊ ထိခိုက်ကျဆုံးမှုတော့ ရှိနိုင်ပါတယ်၊ ကျွန်တော်တို့ကလည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိမှာ မီးတိုက်ကျေးရွာက ဒေသခံများသည် ဘေးလွတ်ရာ တော၊ တောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်။

မီးတိုက်စခန်းသိမ်း တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိရန် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို မဇ္ဈိမက ဆက်သွယ်ထားဆဲဖြစ်ပြီး အကြောင်းပြန်ခြင်း မရှိသေးပေ။

မောင်တောမြို့နယ်က ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းနှင့် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတို့ကို ပြီးခဲ့သည့်ရက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်းကို AA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

အဆိုပါ ဆုံးရှုံးထားသော တပ်စခန်းများကို ပြန်ရယူရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီဘက်က ထုတ်ပြောထားပြီး ယင်းနောက်ဆက်တွဲ လတ်တလောမှာ စစ်ကောင်စီတပ်က စစ်အင်အား၊ လက်နက်ခဲယမ်းများ ဖြည့်တင်းမှု လုပ်ဆောင်နေသည့်အတွက် ရခိုင်ပြည်အနှံ့ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာလ ၁၄ ရက်နေ့တွင် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...