BGF အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ KNU သတိပေး

BGF အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ KNU သတိပေး

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မူ တွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ပြီး အခုလို လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်းမှာ နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီတပ်နဲ့အတူ စစ်ရေးဝင်ရောက်လှုပ်ရှားပြီး ဒေသခံပြည်သူလူထုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက် ကျုးလွန်နေတာ ဖြစ်ပါတယ်။

BGF တပ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူလူထုတွေအပေါ် ဖမ်းဆီးနှိပ်စက်တာ၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာ၊ ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာနဲ့ မိုင်းထောင်တာတွေကို အရင်ကထက် ပိုမို လုပ်ဆောင်လာတာပါ။

ဒါကြောင့် BGF တပ်က ကျုးလွန်နေတဲ့ လုပ်ရပ်တွေဟာ ငြင်းပယ်လို့ မရသလို ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေမူကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်တာပါ။

"အထူးသဖြင့် စစ်ကောင်စီနဲ့တွဲပြီးတော့ သွားပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုများလာတယ်ဆိုတာလည်း ဒါလည်းဘယ်လိုမှ ကျနော်တို့ ငြင်းပယ်လို့မရတဲ့ဟာတွေ ဖြစ်နေပါတယ်ဆိုတာ ဒါကအမှန်အတိုင်းဝန်ခံရမှာပဲလေ။ ကျနော်တို့လည်း ဒီထက် ပိုပြီးတော့များများစားစား ပြောစရာတော့မရှိဘူး။ ကျနော်တို့ဖြစ်ချင်တာက ဒီဟာတွေရပ်တန်းကရပ်ဖို့တော့ လိုတယ် ဆိုတာလည်း အထူးသဖြင့်ပြည်သူလူထုကိုမျက်နှာမူပြီးတော့ ဒါတွေကတော့ မသင့်တော်ပါဘူးလို့ပြောရမှာပဲလေ" လို့ ပြောပါတယ်။

နယ်ခြားစောင့်တပ် BGF ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်ကြတဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဖာပွန်ခရိုင် တပ်မဟာ (၅) နဲ့ သထုံခရိုင် တပ်မဟာ (၁) တွေဘက်မှာ စစ်ရေး ဝင်ရောက် လှုပ်ရှားပြီး ပြည်သူလူထုအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် ကျူးလွန်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း BGF တပ်ဟာ KNU သထုံခရိုင်အတွင်းရှိ သူကြီးတွေကို တစ်လ အစည်းအဝေး ခေါ်ယူပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ သတင်းမပေးရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်လာတာပါ။

KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ် အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အချင်းချင်း တညီတညွတ်တည်းပြန်ဖြစ်ဖို့အတွက် တတ်နိုင်သမျှကြိုးစားခဲ့ပြီး ဒီကိစ္စကိုလည်း ဒီအတိုင်း ဆက်ထားမှာ မဟုတ်ဘဲ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကလည်းတတ်နိုင်သလောက် ကရင်အဖွဲ့တွေပြန်ပြီးတော့ တညီတညွတ်တည်းပြန်ဖြစ်ဖို့ဆိုတာလည်း တတ်နိုင်သလောက်ကြိုးစားခဲ့ပါတယ်။ သို့သော်ငြားလည်းပဲ အခုထက်ထိ ရုပ်လုံး၀မပေါ်နိုင်သေးတာကတော့ စိတ်မကောင်းစရာပေ့ါနော်။ သို့သော်ငြားလည်းပဲ ဒီဟာကိုတော့ ဒီအတိုင်းကိုထားလို့မရဘူး။ ကျနော်တို့အသက်ရှင် ရပ်တည်နိုင်သေးသရွေ့တော့ ဒီဟာတွေကို ပြန်ပြီးတော့ ကောင်းအောင်သာဆက်ပြီးတော့လုပ်ဖို့ပဲရှိပါတယ်" လို့ ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လတာအတွင်း ကေအဲန်ယူလက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီ BGF တပ်တွေတို့ကြား တိုက်ပွဲပေါင်း (၂၀၀) ကျော်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲတွင်း စစ်ကောင်စီနဲ့ BGF တပ်တို့က ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုတွေက ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် BGF တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါဘူး။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...