နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကြောင့် စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာ

နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကြောင့် စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာ

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ အဓိကရုန်း ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ စစ်ရှောင်တွေအပြင် နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်တွေအဖြစ် တိမ်းရှောင်ခိုလှုံနေရသူ သုံးသန်းနီးပါးထိ ရှိလာတယ်လို့ ဆိုထားပါတယ်။

အဲဒီထဲက စစ်ရှောင်ဘေးရှောင် ဒုက္ခသည် တစ်သန်းခွဲနီးပါးဟာ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် အသစ်တိုးလာတဲ့ အရေအတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒီပမာဏဟာ စုစုပေါင်း စစ်ရှောင်အရေအတွက်ရဲ့ ၄၈ ရာခိုင်နှုန်း ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းမှာတင် စစ်ဘေးရှောင် ဦးရေ ၅၃၀၀၀၀ ကျော်နဲ့ အများဆုံးရှိနေတယ်လို့ ISP-Myanmar က ဆိုပါတယ်။

အာဏာမသိမ်းခင်က ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရင်က ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တဲ့ ပြည်တွင်း စစ်ဘေးရှောင် အရေအတွက်ကလည်း ၄၉၇၀၀၀ ထက်မနည်း ရှိနေတာပါ။

ဒါ့အပြင် အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီး ကာလတွေမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရတဲ့ ဒုက္ခသည်ဦးရေကလည်း တစ်သန်း ကျော်ရှိနေတာ ဖြစ်ပါတယ်။

အဲဒီထဲက စစ်ရှောင်ဒုက္ခသည်တွေဟာ မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေ၊ မြန်မာ-ဘင်္လားဒေ့ရှ်နယ်စပ် နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။

ISP-Myanmar ကတော့ ဒီအချက်အလက်တွေဟာ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေပြုပြီး လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်တဲ့အတွက် မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုထားပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...