စတင်ဘာလ ၄ ရက်နေ့နံနက် အစောပိုင်း ညည့် ၁ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်မှ မြောက်ဦးမြို့ထဲ ဝင်ရောက်ပစ်ခတ်မှုကြောင့် နေရာတချို့တွင် အပျက်အစီးများရှိခဲ့သော်လည်း အရပ်သားများကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု မြောက်ဦးဒေသခံများက ပြောသည်။
၎င်းပစ်ခတ်မှုအတွင်း မြောက်ဦးမြို့ပေါ် တွင် လက်နက်ကြီးအမြောက် ၄ လုံးခန့် ကျရောက်ခဲ့ကြောင်း၊ ၎င်းလက်နက်ကြီးများမှာ ဒိုင်းကျီကန်ဘောင်၊ တောင်ဖြူဆည်၊စည်ပင်ရုံး၊ ကင်းဆိပ်တာဝါတိုင်တို့တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ မြောက်ဦးမြို့မ စျေးဘက်တွင်မူ လက်နက်ငယ်များ ကျရောက်ခဲ့သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ညည့် ၁နာရီလောက်မှာ မြို့ထဲကို လက်နက်ကြီးကျည်ကျတာ ၄ လုံး လောက်ရှိမယ်။ အပျက်အစီး တွေကတော့ စည်ပင်ရုံးမှာ နည်းနည်း ပျက်စီးသွားတယ်လို့ကြားတယ်။ ကံကောင်းတယ်လို့ ပြောရမလား။ လူအထိအခိုက်တော့ မရှိဘူး” ဟု ၎င်းက ပြောသည်။
မြောက်ဦးမြို့ မြို့မစျေးထဲတွင်လည်း လက်နက်ငယ်များ ကျရောက်ခဲ့ပြီး အပျက်အစီးကြီးကြီးမားမား မရှိဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“ မြောက်ဦးမြို့မစျေးထဲကို ညည့် ၁၂ နာရီကနေ ၁ နာရီ အတွင်း လက်နက်ငယ်တွေ ကျည်တွေ ကျတယ်လို့ သိရတယ်။ လူတွေ ကတော အထိအခိုက်မရှိပါဘူး။ သူတို့ပစ်တာက ၅၄၀ တပ်ရင်း၊ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်း၊ အဲဒီမှာ အမြောက်ထိုင်လို့ ရှိနေတာကိုး။ အဲဒီနေရာတွေက ပစ်နေတာ ဖြစ်မှာပေါ့ " ဟုပြောသည်။
ယနေ့နံနက်ကစပြီး မြောက်ဦးမြို့မစျေး၊ ကုန်သည်လမ်းဆုံ၊ သင်္ဘောဆိပ်၊ကန်လှရပ်ကွက်တို့တွင် စစ်တပ်ကနေရာယူထားကြပြီး၊ လူသွားလူလာများ ကိုလည်း မှတ်ပုံတင်စစ်ဆေးနေကြသည်ဟု ၎င်းက ဆက်ပြောသည်။
" မြောက်ဦးမြို့မစျေးကို ဝိုင်းထားတဲ့ ပုံစံမျိုးနေရာယူထားတယ်။ ကုန်သည်လမ်းဆုံ၊ သင်္ဘောဆိပ်၊ ကန်လှ အဲ့ဒီဘက်တွေကို နေရာ ယူထားကြတယ်။ လူသွားလူလာတွေကိုလည်း မှတ်ပုံတင် စစ်ဆေးနေကြတယ်။ အဲလို စစ်နေတယ်။ လမ်းသွား၊လမ်းလာစျေးရောင်းတဲ့သူရော၊ ဝယ်တဲ့သူရော၊ လူတွေက စျေးလည်းမသွားရဲကြဘူး။ စျေးကိုတော့ စစ်လားမစစ်လားတော့ သွားမကြည့်ရဲတော့ သေချာမသိပါဘူး " ဟုပြောသည်။
စစ်ကောင်စီတပ်သားအများအပြားသည် မြောက်ဦးမြို့ထဲကို ကားသုံးစီးဖြင့် ဝင်ရောက်လာပြီး နန်းရာကုန်းတံတိုင်း အပါအဝင် မြို့လယ်လူနေရပ်ကွက်များကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။







