ညည့်အချိန် စစ်တပ်ကမြောက်ဦးမြို့ထဲ ဝင်ရောက်ပစ်ခတ်ရာတွင် လက်နက်ကြီးကျည်ကျ၍ ပျက်စီးမှုတချို့ရှိ၊ မြို့ထဲကနေရာတချို့တွင် လမ်းသွားလမ်းလာများကိုစစ်ဆေးမှုများရှိနေ

ညည့်အချိန် စစ်တပ်ကမြောက်ဦးမြို့ထဲ ဝင်ရောက်ပစ်ခတ်ရာတွင် လက်နက်ကြီးကျည်ကျ၍ ပျက်စီးမှုတချို့ရှိ၊ မြို့ထဲကနေရာတချို့တွင် လမ်းသွားလမ်းလာများကိုစစ်ဆေးမှုများရှိနေ

စတင်ဘာလ ၄ ရက်နေ့နံနက် အစောပိုင်း ညည့် ၁ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်မှ မြောက်ဦးမြို့ထဲ ဝင်ရောက်ပစ်ခတ်မှုကြောင့်  နေရာတချို့တွင် အပျက်အစီးများရှိခဲ့သော်လည်း အရပ်သားများကို  တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု မြောက်ဦးဒေသခံများက ပြောသည်။

၎င်းပစ်ခတ်မှုအတွင်း  မြောက်ဦးမြို့ပေါ် တွင် လက်နက်ကြီးအမြောက် ၄ လုံးခန့် ကျရောက်ခဲ့ကြောင်း၊  ၎င်းလက်နက်ကြီးများမှာ ဒိုင်းကျီကန်ဘောင်၊ တောင်ဖြူဆည်၊စည်ပင်ရုံး၊ ကင်းဆိပ်တာဝါတိုင်တို့တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊  မြောက်ဦးမြို့မ စျေးဘက်တွင်မူ  လက်နက်ငယ်များ ကျရောက်ခဲ့သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ညည့် ၁နာရီလောက်မှာ မြို့ထဲကို လက်နက်ကြီးကျည်ကျတာ ၄ လုံး လောက်ရှိမယ်။ အပျက်အစီး တွေကတော့ စည်ပင်ရုံးမှာ နည်းနည်း ပျက်စီးသွားတယ်လို့ကြားတယ်။ ကံကောင်းတယ်လို့ ပြောရမလား။ လူအထိအခိုက်တော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

မြောက်ဦးမြို့ မြို့မစျေးထဲတွင်လည်း လက်နက်ငယ်များ ကျရောက်ခဲ့ပြီး အပျက်အစီးကြီးကြီးမားမား မရှိဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

“ မြောက်ဦးမြို့မစျေးထဲကို  ညည့် ၁၂ နာရီကနေ ၁ နာရီ အတွင်း လက်နက်ငယ်တွေ ကျည်တွေ ကျတယ်လို့ သိရတယ်။ လူတွေ ‌ကတော အထိအခိုက်မရှိပါဘူး။ သူတို့ပစ်တာက ၅၄၀ တပ်ရင်း၊ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်း၊ အဲဒီမှာ  အမြောက်ထိုင်လို့ ရှိနေတာကိုး။ အဲဒီနေရာတွေက ပစ်နေတာ ဖြစ်မှာပေါ့ " ဟုပြောသည်။

ယနေ့နံနက်ကစပြီး  မြောက်ဦးမြို့မစျေး၊ ကုန်သည်လမ်းဆုံ၊ သင်္ဘောဆိပ်၊ကန်လှရပ်ကွက်တို့တွင်  စစ်တပ်ကနေရာယူထားကြပြီး၊ လူသွားလူလာများ ကိုလည်း မှတ်ပုံတင်စစ်ဆေးနေကြသည်ဟု ၎င်းက ဆက်ပြောသည်။

" မြောက်ဦးမြို့မစျေးကို ဝိုင်းထားတဲ့ ပုံစံမျိုးနေရာယူထားတယ်။ ကုန်သည်လမ်းဆုံ၊ သင်္ဘောဆိပ်၊ ကန်လှ အဲ့ဒီဘက်တွေကို နေရာ  ယူထားကြတယ်။ လူသွားလူလာတွေကိုလည်း မှတ်ပုံတင် စစ်ဆေးနေကြတယ်။ အဲလို စစ်‌နေတယ်။ လမ်းသွား၊လမ်းလာစျေးရောင်းတဲ့သူရော၊ ဝယ်တဲ့သူရော၊ လူတွေက စျေးလည်းမသွားရဲကြဘူး။ စျေးကိုတော့  စစ်လားမစစ်လားတော့ သွားမကြည့်ရဲတော့ သေချာမသိပါဘူး " ဟုပြောသည်။

စစ်ကောင်စီတပ်သားအများအပြားသည် မြောက်ဦးမြို့ထဲကို ကားသုံးစီးဖြင့် ဝင်ရောက်လာပြီး နန်းရာကုန်းတံတိုင်း အပါအဝင် မြို့လယ်လူနေရပ်ကွက်များကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...