ဈေးနှုန်းကြီးမြင့်ပြီး ဆေးဝါးအချို့ ပြတ်လပ်လာတာကြောင့် နာတာရှည်ဝေဒနာရှင်တွေ အသက်အန္တရာယ်အတွက် စိုးရိမ်လာရ

ဈေးနှုန်းကြီးမြင့်ပြီး ဆေးဝါးအချို့ ပြတ်လပ်လာတာကြောင့် နာတာရှည်ဝေဒနာရှင်တွေ အသက်အန္တရာယ်အတွက် စိုးရိမ်လာရ

အာဏာသိမ်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဆေးဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီးနောက် မဖြစ်မနေ ဝယ်ယူသုံးစွဲနေရတဲ့ ဆေးဝါးအချို့ ပြတ်လပ်လာတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်လာရတယ်လို့ ဆီးချို၊သွေးတိုးနဲ့ နှလုံးရောဂါသည် နာတာရှည်ဝေဒနာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မခုသာ မခံသာတဲ့နှုန်းနဲ့ ဒေါ်လာဈေးကျနေပေမယ့် ဆေးဝါးပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒေါ်လာ ဝယ်ယူရပြီး ပြည်ပက ရောင်းချသူတွေဘက်ကို ပေးချေနိုင်မှသာ သွင်းကုန်လိုင်စင်ထုတ်ပေးမယ်လို့ စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဆေးဝါးတင်သွင်းသူတွေ အခက်ကြုံနေရတာပါ။

ဆေးဝါးတင်သွင်းခွင့် အခက်အခဲကြောင့် ပြည်တွင်းဆေးဈေးကွက်မှာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါအတွက် ဆေးဝါးတွေ အပါအဝင် အိမ်သုံး အခြေခံဆေးဝါးတချို့ ပြတ်လပ်နေပြီး ဆေးဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

ဆေးဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာမှုနဲ့အတူ လိုသလောက် ဝယ်ယူလို့ မရတဲ့ အခက်အခဲကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ ဆီးချိုဝေဒနာရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အစ်မတို့က အဲဒီဆေးကို မဖြစ်မနေသောက်ရတာ။ဆီးချို၊သွေးတိုး၊နှလုံးဝေဒနာရှင်တွေ အကုန်လုံး သူတို့ က မဖြစ်မနေ သောက်ရမှာဆိုတော့ သူတို့အတွက်က ဆေးပြတ်လို့ ရှိရင် အသက်အန္တရာယ်ရှိတယ်။ ကိုယ်ကတော့ အသက်ငယ်တဲ့အခါကျ ဆေးမရှိရင်တောင် နည်းနည်းထိန်းလို့ရမယ်။ဆေးမရှိရင် ထိန်းလို့မရတဲ့ သူတွေဆို ပိုပြီးတော့ စိုးရိမ်စရာ ကောင်းတယ်။ လက်ရှိ ဒေါ်လာဈေး ထပ်တက်ရင် ဆေးက နောက်ဆို ဝင်ဖို့ မသေချာတော့ဘူးလေ။ နောက်ပိုဆိုးတာက ကုန်ဈေးနှုန်းတက်လာပြီးတော့ လစာ လိုက်တက်တယ်ဆိုတာ မရှိဘူးလေ”လို့ သူက သံလွင်တိုင်မ်းကို ပြောပါတယ်။

ဆီချို ၊ သွေးတိုး ၊ နှလုံးရောဂါ ရှိသူတွေအပြင် အခြားနာတာရှည် ဝေဒနာရှင်တွေဟာ ဆေးဝါးတွေကို နေ့စဥ် မှီဝှဲသုံးစွဲနေတာဖြစ်ပြီး ပြတ်လတ်သွားရင် ရောဂါပြင်းထန်ပြီး အသက်အန္တာရယ်အတွက် စိုးရိမ်ရတာ ဖြစ်ပါတယ်။

ဆေးဝါးဈေးနှုန်းတွေဟာ မြန်မာ့ငွေကြေးတန်းဖိုး ကျဆင်းပြီး ဒေါ်လာဈေး မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ သွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေ အပါအဝင် ဆေးဝါး အလွယ်တကူ တင်သွင်းခွင့် မရတာတွေကြောင့် ဈေးနှုန်း အဆမတန် မြင့်တက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ရဲ့ ဧပြီလဆန်းပိုင်းကစပြီး ထုတ်ပြန်တဲ့ ဒေါ်လာကန့်သတ်ချက်တွေကြောင့် အခြေခံဆေးဝါးတွေဟာ ၅၀ ရာခိုင်နှုန်းကနေ လက်ရှိမှာ ၁၀၀ ရာခိုင်နှုန်းအထိ ထပ်မံ ထိုးတက်နေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ ဆေးဝါးတင်သွင်းတဲ့ကုမ္ပဏီတွေဟာ ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် အရောင်းပိတ်လာကြသလို တချို့ကုမ္ပဏီတွေကတော့ ခွဲတမ်းနဲ့သာ ရောင်းချပေးနေတယ်လို့ ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုပါတယ်။

“ အားလုံးက စီးပွားရေးသမားတွေပဲ ကစားနေတာ၊မနေ့ကလည်း ဆေးကုမ္ပဏီအားလုံးနီးပါး အရောင်းပိတ်ထားတယ်။ မေးလိုက်လို့ ရှိရင် အရောင်းပိတ်တယ်။ ဖွင့်တဲ့ ကုမ္ပဏီတွေလည်း ဖွင့်ပါတယ်။ရာခိုင်နှုန်းအားဖြင့် တစ်ဝက်နီးပါးတော့ အနည်းဆုံး အရောင်းပိတ်မယ်လို့ ထင်တာပေါ့။ လိုသလောက် ပေးတဲ့ ကုမ္ပဏီက နည်းတယ်၊ ခွဲတမ်းနဲ့ပဲ များတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပြပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ သွင်းကုန်လိုင်စင် အခက်အခဲကို အမြန်ဆုံး ဖြေရှင်ပေးနိုင်တာ မရှိရင် ဆေးဝါးပြတ်လပ်မှုကို အကြီးအကျယ် ထပ်မံရင်ဆိုင်ရနိုင်တယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဟာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အဓိက တင်သွင်းနေတာ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၁၉ လတာအတွင်း ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...