အာဏာသိမ်း စစ်ကောင်စီရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် နိုင်ငံခြားငွေကြေး တန်ဖိုး အဆမတန် မြင့်တက်လာပြီးနောက် နယ်စပ် ကုန်သွယ်ရေး အားလုံး ရပ်တန့်လု နီးပါး ဖြစ်သွားပြီးလို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အသုံးပြုနေတဲ့ နိုင်ငံခြား ငွေကြေးတွေ ဖြစ်တဲ့ ဒေါ်လာ၊ ဘတ်နဲ့ ယွမ်ငွေတွေတို့ဟာ အခုလ နောက်ဆုံးအပတ် အတွင်း ဈေးနှုန်း အဆမတန် မြင့်တက်လာတာ ဖြစ်ပါတယ်။
အဲဒီထဲမှာတော့ အမေရိကန် တစ်ဒေါ်လာဟာ ကျပ် ၄၀၀၀ ကျော်ထိ ပေါက်ဈေးရှိခဲ့သလို ထိုင်းတစ်ဘတ်ကလည်း ကျပ် ၁၀၀ လောက်ထိ ဈေးနှုန်း မြင့်တက်လာပြီး တရုတ်ယွမ်ငွေကလည်း တစ်ယွမ်ကို ကျပ် ၅၀၀ ဝန်းကျင်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
အခုလို နိုင်ငံခြား ငွေကြေး တန်ဖိုး အဆမတန် မြင့်တက်နေတာကြောင့် နယ်စပ်ကုန်သွယ်မှုမှာ မဖြစ်မနေ တင်သွင်းနေရတဲ့ ကုန်ပစ္စည်းတွေက လွဲရင် ကျန်လုပ်ငန်း အားလုံးနီးပါး ရပ်နားလာကြတယ်လို့ နယ်စပ်ကုန်သည် တစ်ဦးက ပြောပါတယ်။
“ အခုလောလောဆယ် ကုန်ကားတွေ ဘာကားမှ ဆင်းတာ မတွေ့ဘူး၊ အခု ဘာကားမှ မရှိတော့ ဘူးလေ ရှင်းနေတာဘဲ၊ မဖြစ်မနေ ကုန်ကလွဲရင် ကျန်တာ မသွားတော့ ဘူးလေ၊ (၁) ဘတ်ကို (၁၀၀) ဖြစ်သွားပြီးလေ၊ တရုတ် ယွမ်ဆိုလည်း (၅၀၀) နဲ့ ငါတို့ ဘာဝယ် ရတော့မှာလည်း၊ ကိုယ်တို့လည်း သွားလို့ ကိုက်မှ မကိုက်တာ၊ ဘယ်သူမှ ဘာမှ မလုပ်တော့ဘူး၊ ဒီအတိုင်း ရပ်ကြည့်နေတာ၊ ရပ်ကြည့်လေ ပိုပြီးတော့ ဈေးတွေ တက်လေပဲလေ၊ ဘယ်လိုလည်း ဆိုတော့ (၂၀) ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်၊ (၂၀) ရာခိုင်နှုန်းနဲ့ (၃၀) ရာခိုင်နှုန်းကွာ၊ အများဆုံး (၃၀) ရာခိုင်နှုန်း လောက်ပဲ ကျန်တော့တယ်၊ (၇၀) ရာခိုင်နှုန်းက ရပ်သွားပြီး”လို့ ဆိုပါတယ်။
နိုင်ငံခြား ငွေကြေး တန်ဖိုး အဆမတန် မြင့်တက်လာမှုကို မထိန်းချုပ်နိုင်ရင် မကြာမီကာလအတွင်း နယ်စပ် ကုန်သွယ်ရေး အားလုံး ရပ်တန့် သွားနိုင်သလို နယ်စပ်ကုန်စည် စီးဆင်းမှုလည်း လုံးဝ ပြတ်တောက်သွားနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
နိုင်ငံခြားငွေကြေး ကယက်ကြောင့် ကုန်စည်စီးဆင်းမှု သိသိသာသာ ကျဆင်းလာတဲ့အတွက် ကုန်ပစ္စည်းဈေးနှုန်း ထပ်မံ မြင့်တက်လာသလို ပြည်တွင်းမှာလည်း ကုန်ပစ္စည်း လက်ကျန် နည်းပါးလာပြီဖြစ်လို့ ကုန်ပစ္စည်း ပြတ်လပ်မှုတွေနဲ့ပါ ကြုံတွေ့ရနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ လာအိုနဲ့ ဘင်္ဂလားဒေ့် နိုင်ငံတွေကို နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးဇုန် တွေက တစ်ဆင့် ကုန်သွယ်နေတာ ဖြစ်ပြီး မြန်မာ နိုင်ငံဘက်က စိုက်ပျိုးရေး ထွက်ကုန်တွေကို အဓိက တင်ပို့နေသလို တဖက်နိုင်ငံတွေကတော့ အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။







