ဖွဲ့စည်းပုံထဲက အချက် ၉ ချက် ပြင်ဖို့ စစ်ကောင်စီနဲ့ ထပ်မံ ဆွေးနွေးခဲ့တယ်လို့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ပြော

ဖွဲ့စည်းပုံထဲက အချက် ၉ ချက် ပြင်ဖို့ စစ်ကောင်စီနဲ့ ထပ်မံ ဆွေးနွေးခဲ့တယ်လို့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက် ၉ ချက် ပြင်ဖို့ စစ်ကောင်စီ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းမှုကော်မတီ (NSPNC) နဲ့ ထပ်မံ ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

(UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက် ၉ ချက် ပြင်ဖို့အတွက် ပြီးခဲ့တဲ့ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ NSPNC နဲ့ နေပြည်တော်မှာ သွားရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က NSPNC နဲ့ UPDJC တို့ တွေ့ဆုံစဉ် ဆွေးနွေးထားတဲ့ အချက် ၉ ချက်ကို ပြန်လည်ဆွေးနွေးတာ ဖြစ်ပြီး အချို့ အချက်တွေကိုတော့ အတိုင်းအတာတစ်ခုအထိ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ နိုင်ငံရေးပါတီများအစုအဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်းက ပြောပါတယ်။

“တူညီတဲ့ဟာလည်း ရှိပါတယ်၊ သဘောထား မတူညီတဲ့ ဟာလည်း ရှိတယ်။ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကောင်းတယ်လို့ ပြောလို့ရပါတယ်။မပြီးပြတ်သေးဘူး၊ EAOs တွေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထပ်ပြီး ညှိရမှာပေါ့။သဘောထားတိုက်ဆိုင်တယ်ဆိုရင် ရမှာပေါ့။

အားလုံးသဘောတူညီချက် ရပြီးတော့ လွှတ်တော်ပေါ်လာတဲ့အခါမှာ လွှတ်တော်မှာ အတည်ပြုပြီဆိုလို့ရှိရင် ဥပဒေကို ပြင်လို့ ရပြီပေါ့”လို့ သူက ဆိုပါတယ်။

အဲဒီအချက် ၉ ချက်ထဲမှာတော့ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနေရာတွေမှာ ဒေသခံလူပုဂ္ဂိုလ်တွေကို အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ပြီး ခန့်အပ်တာဝန်ပေးဖို့ဆိုတဲ့ အချက်ကိုတော့ သဘောတူညီမှု ရရှိခဲ့ပြီး ရွေးကောက်မယ့် ပုံစံကိုတော့ ထပ်ဆွေးနွေးရဦးမယ်လို့ စိုင်းအိုက်ပေါင်းက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အမြဲတမ်းဦးဆောင်ရမယ်ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ဦးဆောင်မှု ရှိရမယ်ဆိုတဲ့အချက်ကိုတော့ တပ်မတော်ဘက်က အချုပ်အခြာအာဏာတည်မြဲရေးဆိုတဲ့ အချက်သုံးချက်အပေါ် အခြေခံပြီး ပြောသွားတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံထဲက ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တဲ့ အချက် ၉ ချက်စလုံးကိုတော့ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့က အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

လွှတ်တော် မပါဝင်ဘဲ စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရသလို အခုလို လုပ်ပိုင်ခွင့်လည်း မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ တို့က ကိုယ်စားလှယ် ၁၆ ဦးစီနဲ့ ဖွဲ့စည်းဖို့ NCA စာချုပ်အရ ပြဌာန်းထားတာပါ။

UPDJC ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ဒေသအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူမျိုးအလိုက်ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးအပါအဝင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ရာမှာ ဦးဆောင်မှုပေးရတာ ဖြစ်ပါတယ်။

ဒါပေမယ့် UPDJC ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဘာလုပ်ငန်းစဉ်မှ အကောင်အထည် ဖော်နိုင်တာ မရှိတော့တဲ့ ကော်မတီတစ်ရပ်လည်း ဖြစ်ပါတယ်။

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...