ဖာပွန်မှာ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်က ဒေသခံတွေရဲ့ သွားလာခွင့်ကို ပိုမိုတင်းကြပ်လာ

ဖာပွန်မှာ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်က ဒေသခံတွေရဲ့ သွားလာခွင့်ကို ပိုမိုတင်းကြပ်လာ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့က ဒေသခံတွေရဲ့ သွားလာခွင့်ကို ပိုမိုးတင်းကြပ်လာသလို စစ်ဆေးမေးမြန်းတာတွေလည်း ဆက်တိုက် လုပ်ဆောင်လာတယ်လို့ KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ မထော၊ လေးဖိထာ့၊ ကတိုင်တိနဲ့ ထီးသဘလူထ ကျေးရွာအုပ်စုတွေအတွင်း နေထိုင်ကြတဲ့ ဒေသခံရွာသားတွေ ခရီးသွားလာပါက မှတ်ပုံတင်ကိုင်ဆောင်ရမှာဖြစ်ပြီး မကိုင်ဆောင်ပါက ဒဏ်ငွေ ကျပ် ၂ သိန်း ပေးဆောင်ရမှာ ဖြစ်ကြောင်း ဒေသတွင်းမှာ BGF က အမိန့်ထုတ်ပြန်ထားကြောင်း တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဒေသခံရွာသားတွေရဲ့ တောင်ယာလုပ်ငန်းခွင်တွေထဲမှာ မိုင်းထောင်တာနဲ့ ဒေသခံရွာသားတွေရဲ့ သွားလာမှုကို တားဆီးပိတ်ပင်တာတွေရှိနေတယ်လို့လည်း တပ်မဟာ (၅) က ဆိုထားပါတယ်။

စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားလာနေတဲ့ ဒေသခံပြည်သူတွေအပေါ် စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာသလို မကြာခဏ ရိုက်နှက်နှိပ်စက် ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် (၂၃) ရက်နေ့နဲ့ (၂၄) ရက်နေ့တို့မှာလည်း စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှု (၃) ကြိမ်ပြုလုပ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုအတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်-ကမမောင်းကားလမ်းမပေါ်မှာ စစ်ရေးဝင်ရောက်လှုပ်ရှားလာခဲ့ပြီးနောက် လက်နက်ကြီးတွေ မကြာခဏရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ကားလမ်းမအနီးတဝိုက်က ရွာခံတွေမနေရဲတော့ဘဲ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) နယ်မြေအတွင်းမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တို့က စစ်ရေးလှုပ်ရှားမှု အဆက်မပြတ်လှုပ်ရှားဆောင်ရွက်နေတာကြောင့် ဒေသခံအရပ်သားပြည်သူ (၉၆၀၀၀) ကျော်ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...