အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU တုံ့ပြန်

အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU တုံ့ပြန်

ဝင်းရေး — ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေထဲကို လေကြောင်း၊ ကြည်းကြောင်းနဲ့ အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ဆင်တာကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။

ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးအမျိုးမျိုးသုံးကာ တရစပ် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

တပ်မဟာ (၆) ထဲ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေမှာ တပ်မ (၁၁) ၊ တပ်မ (၂၂) ၊ တပ်မ (၄၄) တို့ရဲ့ လက်အောက်ခံ တပ်ရင်း (၁၇) ရင်းနဲ့ နယ်ခြားစောင့်တပ် BGF တပ်ရင်း (၁) ရင်း စုစုပေါင်း တပ်ရင်း (၁၈) ရင်းရှိပြီး အတည်ပြုလို့မရတဲ့ တပ်ရင်းတွေလည်းရှိနေသေးတယ်လို့ KNU က ဆိုထားပါတယ်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် KNU ကော့ကရိတ်မြို့နယ် တပ်ရင်း (၁၈) နဲ့ တပ်ရင်း (၂၇) နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တို့အကြား တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်ပြီး တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ နေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဝေဟင်ကနေ ကလက်စတာဗုံး နဲ့ ပေါင် ၅၀၀ ဗုံး အမြောက်အများ အသုံးပြုတိုက်ခိုက်ခဲ့သလို မြေပြင်ကနေ တိုက်ခိုက်ရေးတပ်၊ လက်ရုံးတပ်၊ စစ်ကူတပ် အပါအဝင် အမြှောက်တပ်၊ ဒုံးတပ်ရင်းတွေနဲ့ပါ အတွဲအလိုက်ပစ် ဒုံးတွေနဲ့ တိုက်ခိုက်တာပါ။

ကေအဲန်ယူအုပ်ချုပ်နယ်မြေတွေထဲမှာ တပ်အင်အားအလုံးအရင်းနဲ့ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးမျိုးစုံ အသုံးပြုတိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီး ကေအဲန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ အခုလိုပဲ တုံ့ပြန်လိုက်ပါတယ်။

"ခုခံရုံကလွဲလို့ အခြားမရှိ။ မည်ကဲ့သို့ပင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သည်ဖြစ်စေ ထိုးစစ်ကိုရိုက်ချိုးနိုင်မည်လို့ပဲ အလေးအနက်ယုံကြည်တယ်" ပဒိုစောတောနီးက ဆိုပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်း ဩဂုတ် (၁) ရက်နေ့ကနေ (၂၀) ရက်နေ့အထိ KNLA တပ်မဟာ (၆) လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်တွေအကြား တိုက်ပွဲပေါင်း (၃၃) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၄၈) ဦးသေဆုံးပြီး (၈၀) ဦးဒဏ်ရာရရှိခဲ့ကာ KNLA ဘက်မှာတော့ (၂) ဦးကျဆုံးပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပ်မဟာ (၆) နယ်မြေထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ဦး သေဆုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူ ၉၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ် ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...