Kaung For You Education မှ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်အများ ပေါက်ကြားမှုနှင့် စပ်လျဥ်း၍ တာဝန်ယူမှုရှိရန် UAs မှ တောင်းဆိုချက်ထုတ်ပြန်

Kaung For You Education မှ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်အများ ပေါက်ကြားမှုနှင့် စပ်လျဥ်း၍ တာဝန်ယူမှုရှိရန် UAs မှ တောင်းဆိုချက်ထုတ်ပြန်

အာဏာသိမ်းကာလအတွင်း အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု(CDM)ပြုလုပ်ကာ စစ်ကောင်စီပညာ ရေးကို ဆန့်ကျင်သောနေသော ကျောင်းသား/သူများအတွက် ဖက်ဒရယ်ကျောင်းများစွာ ထူထောင်လျက် ရှိရာ Kaung For You Education မှာ ထင်ပေါ်သည့် ကျောင်းတစ်ကျောင်းဖြစ်သော်လည်း ကျောင်းသား များ၏ ကိုယ်ရေးအချက်အလက်အများပေါက်ကြားခဲ့သည့်အတွက် တာဝန်ယူမှုတာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်း တောင်းပန်ရန် United Alliances - UAs ညီညွတ်သောညီနောင်မဟာမိတ်များက တောင်းဆိုချက်များ ထုတ်ပြန်ထားသည်။

Kaung For You Education တွင် ပညာသင်ကြားခွင့်ရရန် ကျောင်းအပ်စဉ်က မိဘများပေးပို့သော ကိုယ် ရေးအချက်အလက်များ ပေါက်ကြားမှုနှင့် ခြိမ်းခြောက်၍ငွေတောင်းခံမှုများ လွန်ခဲ့သောရက်သတ္တပတ်ခန့် ကဖြစ်ပွားခဲ့သောကြောင့် မိဘများက ဖြေရှင်းချက်တစ်စုံတစ်ရာပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဝန်ကြီးဌာနသို့လည်း တင်ပြ ဆွေးနွေးကာ စုံစမ်းစိစစ်လျက်ရှိကြောင်းဆိုသည်။

“ကျွန်ုပ်တို့ကျောင်းအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ message ဖြင့် ဆက်သွယ်အကြောင်းကြား ခဲ့ခြင်း၊ အလှူငွေထည့်ရန် message ပို့ခြင်းမျိုး လုံးဝ မပြုလုပ်ခဲ့ပါ။ မိဘပြည်သူများအနေဖြင့် စာပို့လာ သောဖုန်းများကို block လုပ်ထားရန်နှင့် မိမိတို့လက်ရှိအသုံးပြုသော sim card ကို လုံခြုံရေးအရ လဲလှယ် အသုံးပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စိတ်အနှောက်အယှက်ဖြစ်စေရသည့်အတွက် ကျွန်ုပ်တို့ကျောင်း အနေဖြင့် မိဘပြည်သူများကို အနူးအညွတ်တောင်းပန်အပ်ပါသည်” ဟု Kaung For You Education က ဇူလိုင်လ ၁ ရက်နေ့တွင် ၎င်းတို့၏ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာပေါ်မှ ထုတ်ပြန်ထားသည်။

သို့သော် ယခုလိုပြုမူခြင်းမှာ ကျောင်းအုပ်ထံမှ တိကျသေချာသည့်ဖြေရှင်းမှုမဟုတ်သောကြောင့် တာဝန် ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်ပေးရန် UAs ညီညွတ်သောညီနောင်မဟာမိတ်များက တောင်းဆိုချက် (၄) ချက် ထုတ်ပြန်ခဲ့သည်။

၁။ အချက်အလက် ပေါက်ကြားမှုအတွက် စုံစမ်းစစ်ဆေးရေး အမြန်ဆုံးဆောင်ရွက်ရန်။

၂။ အချက်အလက် ပေါက်ကြားမှုအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ဖြေရှင်းရန်။

၃။ စုံစမ်းစစ်ဆေးမှုမှရရှိလာသော ကျူးလွန်သူအား ခုံဖွဲ့အရေးအယူအပြစ်ပေးရန်။

၄။ လုံခြုံရေးစိုးရိမ်သည့် ကျောင်းသားများ၊ မိဘများအား တိုက်ခိုက်သူဟုပုံဖျက်ပြောဆို စော်ကားမှုများ အတွက် တောင်းပန်ရန်တို့ဖြစ်သည်။

အချက်အလက်များ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသော ကျောင်းသားမိဘတစ်ဦးက

“ဒါဟာလုံခြုံရေးချိုးဖောက်ခံရတာပါ။ ဒီအချိန်မှာ နာမည်ဖျက်မယ်၊ အဖျက်အမှောင့်တွေပဲ လိုက်လုပ်တဲ့ သူတွေရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ကျောင်းအပ်ဖို့ အချက်အလက်တွေပေးတုန်း က ကျောင်းကိုပဲပေးရတာပါ။ အဲ့အချက်အလက်တွေနဲ့ ကျွန်မတို့ဖုန်းနံပါတ်ကို message ပို့ပြီး အလှူငွေ လွှဲခိုင်းတာတို့၊ ထပ်တိုးကျောင်းသားစာရင်းထဲပါတယ်ဆိုပြီး chat box ကိုဆက်သွယ်ဖို့စာပို့တာကြတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေလို့ Kaung For You Education Fb Page မှာ comment တွေရေးတယ်၊ reply မလာတော့ စာပို့တယ်။ ဒါပေမယ့် အဖက်မလုပ်သလိုဖြစ်နေတော့ ပြောမောပဲဖြစ်တယ်။ အခုတော့ comment ပိတ်လိုက်တာ ဖြေရှင်းနည်းလား။ မိဘတွေနဲ့ ကျောင်းသားတွေခံစားချက်၊ စိုးရိမ်စိတ်တွေကို စာနာပေးစေချင်ပါတယ်။ အမြန်ဆုံးဖြေရှင်းပေးစေလိုပါတယ်” ဟု ဆိုသည်။

ထိုကိစ္စရပ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် Kaung For You Education တရားဝင် FB page သို့ မဇ္ဈိမမှ ဆက်သွယ်ထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဆက်သွယ်ခြင်းမရှိသေးပေ။

ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်အများ Kaung For You Education မှ ပေါက်ကြားမှုနှင့် စပ်လျဥ်း၍ ဖြေရှင်းချက်ထုတ်ရန် အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက် နှင့် ANTS - ပုရွက်ဆိတ် များအဖွဲ့တို့မှလည်း အသီးသီးတောင်းဆိုထားကြသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...