စစ်အုပ်စု၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် လောင်းလုံးတွင် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်အုပ်စု၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် လောင်းလုံးတွင် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပစ်ခတ်မှုကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနေ ဒေသခံ ပြည်သူ ၃,၀၀၀ ကျော် စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရ သည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ ၁၆ မှ ၂၀ ရက်နေ့ အထိ စစ်ကောင်စီ တပ်ဖွဲ့က အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံ ပြည်သူ သုံးဦး သေဆုံးခဲ့ပြီး၊ သုံးဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည့် အပြင် နေအိမ် သုံးလုံးကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၏ ပြုစုထားသော စာရင်းများအရ သိရသည်။

ထိုအပြင် ဖမ်းဆီးခံရသူ၂၆ ဦးခန့် ရှိကြောင်းလည်း ယင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက “အခု စစ်တပ်က အကြမ်းဖက်မှု လုပ်ရပ်ကြောင့် ကျွန်တော်တို့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတဲ့ လူတွေအားလုံးကို မကူညီနိုင်ပေမယ့် အရေးပေါ် အခြေအနေရှိတဲ့ သူတွေကိုတော့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ ရှိတယ်”ဟု ပြောသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ် အတွင်း အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက် ခံစားနေရသည့် ပြည်သူများနှင့် CDM ဝန်ထမ်းများ အပါဝင် စုစုပေါင်း ၃,၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ပေါ့လေ ဒီ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်တဲ့ လူသတ်တာ၊ မီးရှို့တာ၊ ဖမ်းဆီးတာ၊ ဒဏ်ရာ ရရှိတာ စသဖြင့် ပေါ့လေ၊ ဒါတွေကို စနစ်တကျ မှတ်တမ်းတင်ပြီးတော့ လူအခွင့်ရေး ဝန်ကြီးဌာနကို တင်ပြပြီး တရားမျှတမှု ရရှိအောင် တင်ပြပေးသွားမှာ ဖြစ်တယ်” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများကို လိုအပ်သည့် အကူ အညီများဖြစ်သော စားနပ်ရိက္ခာ၊ ယာယီတဲများ၊ ဆေးဝါးများ၊ အရေးပေါ် ငွေကြေး ထောက်ပံ့ခြင်းများအား ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...