စစ်ကောင်စီတပ်မှဖမ်းဆီးထားသည့် ပုလောဒေသခံ ၂၀ ကျော်ကို မြိတ်အကျဉ်းထောင်သို့ ပို့ဆောင်

စစ်ကောင်စီတပ်မှဖမ်းဆီးထားသည့် ပုလောဒေသခံ ၂၀ ကျော်ကို မြိတ်အကျဉ်းထောင်သို့ ပို့ဆောင်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေသခံ ၂၀ ကျော်ကို ဇွန်လ ၁၇ ရက်နေ့က မြိတ်အကျဉ်း ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပုလောမြို့မရဲစခန်းမှ မြိတ်အကျဉ်းထောင်သို့ ပို့ဆောင်ခံရသူများထဲတွင် အမျိုးသမီးနှစ်ဦးအပါဝင် စုစုပေါင်း ၂၄ ဦးရှိသည်ဟု အဆိုပါရဲစခန်းနှင့် နီးစပ်သူများထံမှသိရသည်။

“လက်ရှိ ပုလောရဲစခန်းမှာရှိတာက အယောက် ၄၀ ကျော်တယ်။ အဲဒီထဲကမှ အမှုဖွင့်ထားတဲ့ ၂၀ ကျော်ကို မြိတ်ထောင်ကို ပို့လိုက်တာဖြစ်တယ်” ဟု ပုလောမြို့ ဒေသခံတစ်ဦးကလည်း ပြောသည်။

ပုလောမြို့ပေါ်နှင့် ကျေးရွာများအတွင်း ပြီးခဲ့သည့်လများက ဒေသခံအများအပြားကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအများစုမှာ ပုလောအခြေစိုက် ခလ၇ (၂၈၅)တပ်ရင်းတွင် ချုပ်နှောင် စစ်ဆေးခံရကြောင်းလည်း သိရသည်။

ယင်း ခလ၇ (၂၈၅) တပ်ရင်းတွင် လက်ရှိအချိန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေသခံပြည်သူ ၂၀၀ နီးပါး ရှိနေသေးကြောင်း ဖမ်းဆီးခံမိသားစုဝင်များထံမှ သိရသည်။

“ စစ်တပ်က သူတို့ဖမ်းလာတဲ့ ပြည်သူတွေကို အရင်အဦးဆုံး တပ်ထဲကို ပို့တယ်။ အဲဒီမှာ စစ်ဆေးတယ်။ ဘာအချက်အလက်မှမတွေ့ရင် ငွေနဲ့ပြန်ရွေးခိုင်တာရှိသလို သူတို့လိုတဲ့အချက်အလက်တွေ တစ်ခုခု တွေ့ ရင်တော့ စစ်ဆေးအရေးယူပြီး ပုလောရဲစခန်းကို ပို့လိုက်တာဖြစ်ပါတယ်” ဟု ဖမ်းဆီးခံ မိသားစုဝင်တစ်ဦး ကပြောသည်။

လက်ရှိတွင် ပုလောရဲစခန်းမှ မြိတ်အကျဉ်းထောင်သို့ ပို့ဆောင်ခံရသူ ၂၄ ဦးသည် PDF အဖွဲ့စည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ ထောက်ပို့ပြုလုပ်ခြင်း၊ လူမှုကွန်ရက်ပေါ်တွင် နိုင်ငံရေးနှင့်သက် ဆိုင်သည့်ပို့စ်များကို ရှယ်ခြင်း/ရေးသားခြင်း စသည်တို့ကိုပြုလုပ်ခဲ့သည်ဟူသော အကြောင်းပြချက်များ ဖြင့် စွပ်စွဲဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...