ကရင်နီပြည်နယ်ကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိသည့် ပြည်နယ်အဖြစ် ရပ်တည် ဖော်ဆောင်မည် ဟု ကရင်နီတော်လှန်ရေးအင်အားစုများ ကြေညာ

ကရင်နီပြည်နယ်ကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိသည့် ပြည်နယ်အဖြစ် ရပ်တည် ဖော်ဆောင်မည် ဟု ကရင်နီတော်လှန်ရေးအင်အားစုများ ကြေညာ

ကရင်နီအမျိုးသားများအတွက် ကရင်နီပြည်နယ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသည့် ပြည်နယ် တစ်ခုအနေဖြင့် ပြည်ထောင်စုတွင်ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) က ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယနေ့တွင် ကျရောက်သည့် (၁၄၇) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ပေးပို့သည့် သဝဏ်လွှာတွင် KNDF က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဌာနေတိုင်းရင်းသားများ၏ လူနည်းစုအခွင့်အရေး၊ ကရင်နီပြည်သူလူထုအားလုံး၏ တန်းတူအခွင့်အရေး နှင့် အေးချမ်းစွာဖွံ့ဖြိုးတိုးတက်ခွင့်တို့ကို အနာဂတ်၌ပြဋ္ဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း KNDF က ဆိုသည်။

ထို့အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့် အမျိုးသားတန်းတူရေး၊ တရားမျှတရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိပြီး အာမခံပေးနိုင်မည့်နိုင်ငံရေးစနစ်ကိုသွားနေသည့် မည်သည့် အဖွဲ့ အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု KNPP အတွင်းရေးမှူး-(၂) ဦးအောင်ဆန်းမြင့်က မဇ္ဈိမကို ဖြေကြားသည်။

“နိုင်ငံရေး ရည်မှန်းချက်က အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက် ရေးလို့ဆိုတဲ့အခါမှာ ရည်မှန်းချက်တူတဲ့အဖွဲ့အစည်းနဲ့ပူးပေါင်းတဲ့အနေနဲ့ လက်ရှိမှာ NUCC နဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

လက်ရှိတွင် KNPP အနေဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှဖျက်သိမ်းရေး လုပ်ဆောင်နေပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် လိုအပ်သည့်အချက်အလက်များအားပြင်ဆင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ အခုကတည်းက အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး အတွက် တခြားအစုအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတာရှိပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

ကရင်နီအမျိုးသားများသည် စည်းလုံးညီညွတ်မှုနည်းပါးကာ အာဏာရှင်များနှင့် လူမျိုးကြီးများ၏ သွေးခွဲမှု ကြောင့် စည်းလုံးညီညွတ်ရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရရှိခဲ့သည့် အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူ ၍ လက်ရှိစစ်အာဏာရှင်ကို ညီညီညွတ်ညွတ်တိုက်ထုတ်ကြရန်လည်း ကရင်နီတော်လှန်ရေးအင်အားစု များက ယနေ့ကြေညာချက်တွင်ထုတ်ပြန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအရှေ့ဘက်ဒေသရှိ ကရင်နီပြည်နယ်တွင် စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း လက်ရှိ အချိန်ထိ ဒေသကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲ များ ဖစ်ပွားလျှက်ရှိကာ စစ်ကောင်စီမှနယ်မြေစိုးမိုးမှုရရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ကရင်နီဒေသခံ ၂၀၀,၀၀၀ ကျော်သည် အိုးအိမ်များစွန့်ခွာ၍ ထွက်ပြေးနေကြရပြီး နေအိမ်အဆောက်အဦးများနှင့် ခရစ်ယာန်ဘုရားကျောင်းများ လည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကို ခံနေရသည်။

ဗြိတိသျှအင်္ဂလိပ်နှင့် ဗမာဘုရင်များသည် ကရင်နီနိုင်ငံကို သီးခြားလွတ်လပ်ကြောင်းနှင့် ကရင်နီနိုင်ငံကို မည်သူမျှ ကျူးကျော်မှုမလုပ်ကြရန် သဘောတူလက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့သည့် ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ထားသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...