ဖယ်ခုံမြို့ ဖမ်းဆီးခံရသည့် လူငယ် (၇) ဦး ရိုက်နှက်ခံရပြီး ပြန်လွှတ်လာ

ဖယ်ခုံမြို့ ဖမ်းဆီးခံရသည့် လူငယ် (၇) ဦး ရိုက်နှက်ခံရပြီး ပြန်လွှတ်လာ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မြို့ကုန်းရပ်ကွက်တွင်နေထိုင်သည့် လူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ရိုက်နှက်မှုပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇွန် ၁၄) ရက် ညနေ ၅ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် လူငယ် (၇) ဦးကို ဒေသခံများက အာမခံချက်ဖြင့် ပြန်တောင်းထုတ်လာခဲ့ပြီး ဖမ်းခံရသည့် လူငယ် (၃) ဦးကို စစ်ကောင်စီက ရိုက်နှက်ပြီး ပြန်လွှတ်လာကြောင်း ဖယ်ခုံမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ညကတည်းက ပြန်လွတ်လာတာ။ အာမခံချက် တောင်းပြီးလွတ်လာခဲ့တာ။ ပိုက်ဆံတွေဘာတွေ ပေးရတာတော့ မရှိဘူး။ ဒါပေမယ့် ၃ ယောက်လောက်တော့ ထိုးခံထားရတယ်။ ဖမ်းမိတုန်းက သူတို့ထွက်ပြေး လို့ဆိုပြီးတော့ ခြေထောက်နဲ့ကန်ထားတယ်။ နှိပ်စက်ထားတာပေါ့” ဟု ၎င်းကဆိုသည်။

ထိုနှိပ်စက်ခံထားရသည့် လူငယ် (၃) ဦးသည် လက်ရှိ (၂) ဦးမှာ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များရှိ နေကြောင်း သိရသည်။

ထိုလူငယ် (၇) ဦးကို ယမန်နေ့ ဇွန် (၁၄) ရက်တွင် စစ်ကောင်စီက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ဖောက်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်သည့်နေရာဖြစ်ပြီး ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...