မိုင်းပွန်မြို့ အထိ PNO/PNA မှ စစ်သားနှင့် ငွေသားကောက်ယူမှုများ ပြုလုပ်နေ

မိုင်းပွန်မြို့ အထိ PNO/PNA မှ စစ်သားနှင့် ငွေသားကောက်ယူမှုများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ်တွင် ပအိုဝ်းအမျိုးသားတပ်မတော်နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO/PNA) တို့မှ တပ်သားကောက်ယူခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပွန်မြို့တွင် PNO/PNA မှ စစ်သင်တန်းတက်ရောက်ရန်အတွက် ဒေသခံ အမျိုးသား / အမျိုးသမီးများ၏ လူဦးရေ နာမည်စာရင်းကို ကောက်ယူတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းပွန်မြို့က ရွာတွေဘက်ကို လာကောက်နေကြတာပါ၊ မြို့ပေါ်ရပ်ကွက်ဆို ရပ်ကွက် ၂ ဘက် သတင်းစကြားရ တယ်၊ အခုမိုင်းပွန်မြို့မှာဆို သျှမ်းနဲ့ ပအိုဝ်းတွေအပြင် တခြားတိုင်းရင်းသားတွေလည်း နေထိုင်ကြတယ်၊ ဒါပေမဲ့ တစ်အိမ်ထောင်တစ်ယောက် အသက် ၄၅ နှစ်အောက်အကုန်လုံးက သူတို့(PNO/PNA) စစ်သင်တန်းတက်ဖို့ လာပြောတာ” ဟု အမည်မဖော်လိုသူ မိုင်းပွန်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် PNO/PNA စစ်သားများသည် မိုင်းပွန်မြို့ပေါ်ရှိ ပအိုဝ်းအိမ်ထောင်စုများကို အပြင် သျှမ်းအိမ်ထောင်စုနှင့် တခြားလူမျိုးများထံမှလည်း စစ်သင်တန်းအတွက် တစ်အိမ်ထောင်လျှင် ငွေကြေး ၃၅၀၀၀ ကျပ် ပေးဆောင်ရန် လည်း ရပ်ကွက် နှင့် ကျေးရွာလူကြီးများထံမှ တစ်ဆင့် ညွှန်ကြားတောင်းခံမှုများ ရှိနေကြောင်းလည်း သိရသည်။

လက်ရှိ စစ်သင်တန်းတက်ရန်အတွက် နာမည်စာရင်းတောင်းခံမှုသာရှိနေပြီး စစ်သင်တန်းမတက်ရသေးသော် လည်း ငွေကြေးများက ထည့်ဆောင်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ပိုက်ဆံတွေတော့ ရွာလူကြီးဆီသွားပေးလိုက်ရပြီ၊ တချို့ကလည်း အိမ်ထိလာတောင်းလို့ပေးရတာ၊ မရှိလည်း ချေးငှားပြီး ပေးလိုက်ရတာပဲ၊ တချို့ရွာကျတော့ PNO/PNA တွေကိုယ်တိုင်က ရွာထဲထိဆင်းပြီးကောက်တာ ရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံသျှမ်းလူငယ်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တပ်သားသစ်စုဆောင်းခြင်း ငွေကြေးတောင်းခံခြင်း စသည့်လုပ်ဆောင်ချက်များသည် မိုင်းပွန်မြို့နယ် အတွင်းပထမဆုံးအကြိမ်ဖြစ်ပြီး သျှမ်းနှင့်ကရင်နီပြည်နယ်စပ် ဖြစ်ပွားသည့်တိုက်ပွဲတွင် ပအိုဝ်းတပ်ဖွဲ့များက စစ်ကောင်စီဘက် ပါဝင်တိုက်ခိုက်သည် ဆိုသည့် သတင်းများထွက်ပေါ်ပြီးနောက် PNO/PNA တို့မှလည်း ၎င်းတို့ သွားလာလှုပ်ရှားသည့် နယ်မြေအတွင်း ယခုလို လုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းနေချိန် PNO မှ ကျေးရွာပြည်သူများထံ နည်းမျိုးစုံ ခြိမ်းခြောက်နေပြီး စစ်သားသစ်စုဆောင်းနေသဖြင့် လူငယ်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေမှုများလည်း ရှိနေကြောင်း သတင်းသိရသည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...