တပ်ခွဲမှူးနှင့် တပ်ကြပ်ကြီးတို့ကို ပြန်မလွှတ်ပေးပါက ကျေးရွာ ၂ ရွာ ကိုဖျက်ဆီးမည်ဟုစစ်တပ်က ခြိမ်းခြောက်

တပ်ခွဲမှူးနှင့် တပ်ကြပ်ကြီးတို့ကို ပြန်မလွှတ်ပေးပါက ကျေးရွာ ၂ ရွာ ကိုဖျက်ဆီးမည်ဟုစစ်တပ်က ခြိမ်းခြောက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဖမ်းဆီးထားသည့် စစ်ကောင်စီတပ် တပ်ခွဲမှူးနှင့် တပ်ကြပ်ကြီးတို့ကို ပြန်လွှတ်ပေးရန်နှင့် မလွတ်ပေးပါက အနီးအနားရှိ ကျေးရွာ နှစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမည်ဟု စစ်ကောင်စီ တပ်ခြိမ်းခြောက်နေကြောင်း KNU က သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း KNU တပ်မဟာ (၁) နယ်မြေတွင် အရပ်ဝတ်ဖြင့် သတင်းလာထောက်လှမ်းသည် ၎င်းတို့ နှစ်ဦးအား ဇွန်လ ၁ ရက်နေ့၌ သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ KNU တပ်မဟာ (၁)၊ တပ်ရင်း (၂ ) တပ်ရင်းမှူးထံ လွှဲပေးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ နှစ်ဦးသည် ခမရ (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ ဖြစ်သည်။

“ သူတို့ အဖမ်းခံရပြီး နောက်ရက်မှာပဲ ထုံးဘိုလေးရွာနဲ့ ထုံးဘိုကြီးရွာကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ ၊ သူတို့က သူတို့လူ ပြန်မလွှတ်ပေးရင် အဲ့ရွာတွေကို ဖျက်ဆီးမယ်လို့ ရွာလူကြီးကနေ တဆင့်ပြောခိုင်းတာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက် နံနက် ၅ နာရီခွဲခန့်ကလည်း ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ၍ စစ်ကောင်စီတပ်များ ဝီယော်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာဘက်သို့ လက်နက်ကြီးအချက် ၅၀ ကျော် ဆက်တိုက်ပစ်ခတ်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာမှ အသက် ၇၀ အရွယ်အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် နှစ်လုံးပျက်စီးကာ အိမ်မွေးဝက် တစ်ကောင် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ထုံးဘိုလေးရွာနှင့် ထုံးဘိုကြီးရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေတိမ်းရှောင်နေကြရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...