နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက် ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံး

နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက် ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံးခဲ့ကြောင်းလည်း သတင်းသိရသည်။

မေလ ၃၁ ရက် ညနေ ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအုပ် ဆရာမကြီး တစ်ဦး သေဆုံးခဲ့ရပြီး ဆရာ/ဆရာမ စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေသွားတဲ့ တစ်ယောက်က မက်ချီနူရွာက မူလတန်းကျောင်းအုပ် ဒေါ်စောခင်ခင်ချိုလှိုင်လို့ သိရတယ်၊ အသက် ၅၃ နှစ်ပါ၊ ဗုံးပေါက်ကွဲမှုကြောင့် အောက်ပိုင်းတစ်ခုလုံး ဒဏ်ရာရသွားပြီး ဆေးရုံမှာ သေဆုံးသွားတယ်၊ လက်ရှိ ဆေးကုသမှုခံယူနေတဲ့ ၈ ဦး ထဲက ၅ ဦးလည်း ဒဏ်ရာစိုးရိမ်ရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

နောင်ချိုမြို့ ပညာရေးမှူးရုံးအတွင်း ဆရာ/ဆရာမများ ပုံမှန်လစဥ်အစည်းအဝေးနှင့် ကျောင်းပြန်လည်ဖွင့်လှစ်ရေး အတွက် ဆွေးနွေးမှုအပြီး အစည်းအဝေး ခန်းမအဝင် ဘယ်ဘက်တောင့်မှ တပ်ဆင်ထားသည့် ဗုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိဒဏ်ရာရ ဆရာ ၄ ဦး နှင့် ဆရာမ ၄ ဦးတို့ကို ပြင်ဦးလွင်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ခံယူနေကြောင်း သတင်းသိရသည်။

ပညာရေးဌာနအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းနှင့် ပတ်သက် ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ ကျောင်းသားများ နှင့် ကျောင်းသားမိဘများကို ကျောင်းမတက်သေးရန် သတိပေးလိုကြောင်း CDM ကျောင်းဆရာမ တစ်ဦးက ပြောသည်။

“ကျမတို့ကလည်း ကလေးတွေကို ကျောင်းတက်စေချင်တယ်၊ ဒါပေမဲ့ သူတို့လုံခြုံရေးကို စိတ်မချရဘူး၊ PDF တွေက စစ်ကောင်စီနဲ့ တိုက်ခိုက်ချင်တယ်ပဲထား ကလေးတွေကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ PDF နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်လာရင် စစ်ကောင်စီတွေက ကလေးတွေကို ဒိုင်းကာအဖြစ် အသုံးပြုမှာ စိုးရိမ်တယ်၊ အဲ့ဒါ သတိထားရမယ်” ဟု အထက်ပါ ဆရာမက ပြောသည်။

နောင်ချိုပညာရေးမှူးရုံး ဗုံးပေါက်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား အများအပြားတို့က ရောက်လာ စစ်ဆေးမှုများ ပြုလုပ်သွားခဲ့သော်လည်း လက်ရှိအချိန်ထိ ပြုလုပ်သူ အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ် နိုင်ခြင်း မရှိသေးကြောင်း သတင်းသိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...