စစ်ရှောင်ကိုထောက်ပံ့ပေးထားတဲ့ WFP တံဆိပ်ဆန်အိတ်များ ဈေးကွက်အတွင်း တွေ့ရှိနေ

စစ်ရှောင်ကိုထောက်ပံ့ပေးထားတဲ့ WFP တံဆိပ်ဆန်အိတ်များ ဈေးကွက်အတွင်း တွေ့ရှိနေ

သျှမ်းပြည် နှင့် ကရင်နီပြည်နယ်စပ် တစ်လျှောက်ရှိ စစ်ရှောင်များနှင့် ကရင်နီဘက်မှ စစ်ရှောင်များအတွက် ထောက်ပံ့ပေးထားသည့် WFP တံဆိပ်ဆန်အိတ်များ ဈေးကွက်အတွင်း တွေ့ရှိနေရကြောင်း စုံစမ်းသိရသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဖြင့် စစ်ရှောင်များအတွက် ထောက်ပံ့ပေးထားသည့် WFP တံဆိပ် ပါ UN ဆန်အိတ်များသည် ဖယ်ခုံမြို့ပေါ် ဆန်အရောင်းဆိုင်များတွင် တစ်အိတ်နှုန်း ၃၅၀၀၀ ကျပ်ဖြင့် ရောင်းချမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ပြောသည်။

“WFP တံဆိပ်နဲ့ UN က စစ်ရှောင်တွေအတွက် လှူဒါန်းခဲ့တဲ့ ဆန်အိတ်တွေကို တစ်အိတ် ၃၅၀၀၀ ကျပ်နဲ့ ပြန် ရောင်းနေတယ်၊ ဆိုင်ပေါ်ကို ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာတော့ မပြောတော့ပါဘူး၊ ဆိုင်ရှင်တွေ အတွက်လည်း မကောင်းနိုင်ဘူးလေ” ဟု ဖယ်ခုံမြို့ပေါ်သို့ ရိက္ခာဝယ်ရန်သွားသည့် PDF တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

WFP မှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့တို့မှ ပြည်သူများကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီအနေဖြင့် နေအိမ်တအိမ်ကို ဆန်တစ်အိတ်ပေးဝေလှူဒါန်းနေလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ပေးဝေလှူဒါန်းထားသည့် ဆန်အိတ်များက ဈေးကွက်သို့ရောက်ရှိသွားပြီး ရောင်းဝယ်မှုများ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး WFP ကို ဆက်သွယ်မေးမြန်းရာ WFP ၏ ပံ့ပိုးကူညီပေးမှုများ ပိုမိုထိရောက်မှုရှိစေဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

“WFP က လှူဒါန်းထားတဲ့ စားနပ်ရိက္ခာအချို့ အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်တွေက သူတို့ရရှိထားတဲ့ ဆန်ရိက္ခာ အနည်းအကျဉ်းကို တခြားအိမ်သုံးပစ္စည်းတွေ၊ အစားအစာတွေနဲ့ လဲလှယ်ရောင်းချတတ်ကြပါတယ်၊ မြေပြင် မှာ ရောက်နေတဲ့ WFP ဝန်ထမ်းတွေလည်း ကူညီမှုတွေ ပိုမိုထိရောက်စေဖို့အတွက် စဥ်ဆက်မပြတ် ပြုလုပ်လျက် ရှိပါတယ်” ဟု WFP ၏ Communications Officer ကိုထက်ဦးလင်းက ပြောသည်။

ထို့အပြင် WFP ထောက်ပံ့မှုရရှိသည့် ပြည်သူများအနေဖြင့် ရိက္ခာများအဆင်ပြေသလို အသုံးပြုခြင်းကို အသိအမှတ်ပြုကြောင်းနှင့် WFP ၏ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့ အခွင့်မရှိဘဲ လက်ကားရောင်းချပါက လက်သင့်ခံမှာ မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

WFP သည် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ရောက်ရှိခိုလှုံ နေသည့် ကရင်နီပြည်မှ နေရပ်စွန့်ခွာလာရသူများကို စားနပ်ရိက္ခာများဖြန့်ဖြူးပေးနေပြီး တောင်ကြီးမြို့မှာလည်း ရုံးခန်းနှင့် စားနပ်ရိက္ခာ သိုလှောင်ရုံတစ်ခု အ‌ခြေစိုက်ဖွင့်လှစ်ထားကြောင်းသိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ဒိန်းမတ်သံရုံးမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် လည်း ၎င်းတို့မှ အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှုပေးနေသည့် သျှမ်းပြည် တောင်ပိုင်းသို့ အတူသွားရောက် လေ့လာခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...