ကောလင်းတွင် NUG အောက်အခြေပညာရေးစာသင်ကျောင်း ၁၀၀ ကျော်ဖွင့်လှစ်

ကောလင်းတွင် NUG အောက်အခြေပညာရေးစာသင်ကျောင်း ၁၀၀ ကျော်ဖွင့်လှစ်
ကောလင်း NUG အောက်ဖွင့်လှစ်ထားသော စာသင်ကျောင်း
ကောလင်း NUG အောက်ဖွင့်လှစ်ထားသော စာသင်ကျောင်း

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လမ်းညွန်မှုဖြင့် အခြေခံပညာရေးကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကောလင်းမြို့နယ်ပညာရေးဘုတ် အဖွဲ့မှ သိရသည်။

မေလ တတိယပတ် မှစတင်၍ NUG ပညာရေးဝန်ကြီးဌာနလမ်းညွန်မှုဖြင့် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ ကျောင်းပေါင်း ၁၀၀ ကျော်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း မြေပြင်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးစီစဥ်ဆောင်ရွက်ပေးနေသည့် ကောလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး ပြောသည်။

“ကျနော်တို့မြို့နယ်မှာ ၁၁၃ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အထက် အလယ် မူလတန်းအားလုံးပါ အထက် တန်းကျောင်းသားတွေတော့ နည်းတယ်ဗျ။ PDF ထဲရောက်သွားကြသလို တချို့က ကိုယ်ပိုင်ကျောင်းတွေမှာ တက်နေကြတယ်။ အဓိကတော့ ကျေးရွာတွေမှာ ဖွင့်လှစ်ပေးနေတယ်။ မြို့ပေါ်တော့ မဖွင့်သေးဘူး”ဟု ကောလင်းပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကျောင်းပေါင်း ၁၁၃ ကျောင်းတွင် လက်ရှိ ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀၀ ကျော်အထိရှိပြီး ဆရာ/မ ပေါင်းတစ်ထောင်ကျော်ဖြင့် သင်ကြားပေးနေကြောင်းလည်း သိရသည်။

“CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်း ဆရာ၊မ တွေပေါင်း တစ်ထောင်ကျော် က သင်ကြားပို့ချပေးနေပါတယ်။ နယ်မြေစိုးမိုးမှုက ၇၀ ရာခိုင်နှုန်းလောက်ရထားတော့ အခုလိုဖွင့်နိုင်တာပါ”ဟု ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

လတ်တလော အဆိုပါစာသင်ကျောင်းများအတွက် ပုံနှိပ်စာအုပ်အခက်အခဲ ဖြစ်နေသည့်အပြင် သင်ကြားရေးပိုင်တွင် ကူညီပေးနေသည့် ဆရာ/မများကိုလည်း ကူညီထောက်ပံ့ပေးရန်နှင့် ရေရှည်တည်တံ့မည့် ပညာရေးစနစ်တစ်ခုရရှိရေးအတွက် အထောက်အပံ့များလိုအပ်နေကြောင်းလည်း ဘုတ်အဖွဲ့မှ သိရသည်။

စာသင်ကျောင်းအများစု ကျေးရွာများတွင်ဖွင့်လှစ်ထားပြီး မြို့ပေါ်တွင်မူ ကျူရှင်ပုံစံဖြင့်သာ သင်ကြားနေရသေးပြီး စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုးပမ်းနေကြောင်း ကောလင်းပညာရေးဘုတ်အဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ အရှိုန်အဟုန်မြင့်ကာ ထိုးစစ်ဆင်နေမှုနေအိမ်မီးရှို့မှု အရပ်သားပြည်သူများအားသတ်ဖြတ်မှု စသည့်အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေစိုးမိုးမှု အားနည်းနေသည့်အတွက် မြောင်မြို့နယ်နဲ့ ကောလင်းမြို့နယ်တွင်သာ NUG ပညာရေးကျောင်းများဖွင့်လှစ်နိုင်ပြီး ကျန်သည့်မြို့နယ်များတွင်လည်း နယ်မြေစိုးမိုးမှုအားကောင်းလာပါက ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...