သျှမ်းပြည်အတွင်းရှိ တချို့ မြို့များတွင် စက်သုံးဆီများပြတ်လပ်နေပြီး ဈေးနှုန်းများလည်း ၃၀၀၀ ကျပ်အထိ မြင့်မားနေကြောင်း သိရသည်။
မေလ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့တွင် စက်သုံးဆီဈေးနှုန်း ၂၄၅၀ ကျပ် ဝန်းကျန်ရှိနေပြီး တချို့ဆိုင်များတွင် ဆီများပြတ်နေကြောင်း နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“နမ့်ခမ်းမြို့မှာ မေလ ၂၁ ရက်နေ့က 92 ဆိုရင် ၂၆၅၀ ကျပ်၊ 95 ဆိုရင် ၂၆၈၀ ကျပ် ထိ ရှိနေတယ်၊ ပြီးတော့ မူဆယ်မြို့ ထိပ်က ရွှေရာဇာ ပန့်ဆီဆိုင်ကလည်း ဆီပြတ်နေပြီ၊ 92 နဲ့ 93 ပြတ်နေပြီ၊ ဆိုင်ကယ်တွေ အကုန်လုံးက 95 ထည့် ရတယ်၊ ဒီဇယ်တွေလည်း ဈေးနှုန်းတွေ တက်နေတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။
မူဆယ်မြို့မှ ရွှေရာဇာပန့်ဆီဆိုင်တွင် ဓါတ်ဆီ 92 နှင့် 93 တို့က ပြတ်လပ်နေပြီး လက်ကျန်ဆီဈေးနှုန်းများ ဈေးတက်နိုင်ဖွယ်ရှိပြီး မကြာမီရက်ပိုင်းအတွင်းစက်သုံးဆီများ ပြန်လည်ရောက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။
မြန်မာ-တရုတ်နယ်စပ် ဒေသတလျောက်တွင် ကိုဗစ်-၁၉ကူးစက်မှု မဖြစ်ပွားခင် တရုတ်ပြည်ဘက်မှ စက်သုံးဆီ တင်ပို့ခဲ့သော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် တင်ပို့မှုမရှိခဲ့သည်မှာ တနှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း မူဆယ်မြို့မှ စက်သုံးဆီရောင်း၀ယ်သူများက ပြောသည်။
“တရုတ်ဘက်ကဆီတွေလည်း မြန်မာဘက် မပို့တာကြာပြီ၊ တစ်နှစ်ကျော်လောက်ရှိနေပြီ၊ ကိုဗစ်ရောဂါ ကြောင့် မြန်မာနဲ့ တရုတ်ဘက်က ကုန်သွယ်မှုတွေ ရပ်နားထားရကတည်းက ဆီတင်သွင်းမှုလည်း နားထားရတယ်၊ လာမယ်ဆိုရင်တောင် ကုန်ကျစားရိတ်တွေက အရမ်းကို များလွန်းတယ်၊ ပြီးတော့ တရုတ်ကနေ မြန်မာဘက်ပို့တဲ့ ကုန်တင်ယာဥ်တွေအကုန်လုံးက လနဲ့ချီပြီး တန်းစီစောင့်ရတာတွေကြောင့် ဆီတင်ယာဥ်တွေလည်း အဲ့လိုရပ်တန်းစီခန့်ဖို့ အဆင်မပြေလို့ တရုတ်ဘက်ဆီတွေ ဒီဘက် မလာတာ ကြာပြီ” ဟု စက်သုံးဆီရောင်းသူ တစ်ဦးက ပြောသည်။
ထို့အပြင် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့နှင့် တခြားသောမြို့များ တချို့မှာလည်း ဆီများပြတ်လပ်နေပြီး ပန့်အသေး ဆီဆိုင်ပိုင်ရှင်များက ပန့်ကြီးဆီဆိုင် နှင့် ကုမ္ပဏီများထံမှ ဆီများတစ်ဆင့် ဝယ်ယူပြီးရောင်းချနေရ ကြောင်းလည်း သတင်းသိရသည်။
“ပြောရမယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ အစိုးရကပေးတဲ့ ဆီဆိုင်မှတ်ပုံတင်လက်မှတ် မလုပ်ထားတဲ့ ပန့်ဆီဆိုင် အသေးလေးတချို့က ဆီပြန်ဝယ်ဖို့ခက်သွားတာပေါ့၊ ကုမ္ပဏီကြီးတွေ ပန့်ကြီးတွေဆီကနေ ပြန်ဝယ်ရတယ်” ဟု တောင်ကြီးမြို့မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယင်းကဲ့သို့ ဖြစ်နေသည့် ဆီဈေးကွက်အခြေအနေများနှင့် ပက်သက်ပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ဆီဈေးကွက်ကို လေ့လာနေသည့် စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ဦးမှ ပြည်တွင်းဒေါ်လာဈေးကို အစိုးရ ချုပ်ကိုင်မှု တင်းကြပ်မှုများကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ပြောဆိုလိုက်သည်။
ထို့အပြင် ယင်းကဲ့သို့ ဆီဈေးနှုန်း မငြိမ်မသက်ဖြစ်နေမှုနှင့် ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် အခြေခံလူတန်းစားများအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်သွားနိုင်ကြောင်း ၎င်းကပြောသည်။
“ဆီမရှိဘူးဆိုရင်တော့ စက်ယန္တရားတွေရော အကုန်လုံးသူက ရပ်တန့်သွားရမှာ၊ ဥပမာ ဘက်ဖိုးတို့၊ ဘူဒိုဇာတို့၊ လယ်ထွန်စက်တို့ ဆိုတာက ပန့်ဆီဆိုင်မှာ သွားထည့်လို့မရဘူးလေ၊ အဲ့ဒါကြောင့် ပုံးတွေ၊ ပီပါတွေနဲ့ ဝယ်ရတာ၊ ဒါပေမဲ့ အခုက ပန့်တိုင်းလိုလိုမှာ ယာဥ်တွေကိုပဲ ထည့်ပေးတယ်၊ အဲ့လိုပုံးတွေနဲ့ ဝယ်မရတော့ခက်ခဲတာပေါ့” ဟု လားရှို့မှ လူငယ်တစ်ဦးကပြောသည်။
စက်ဆုံးဆီဈေးမြှင်တက်မှုနှင့် ဝယ်ယူရခက်ခဲမှုကြောင့် ဆောက်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများသည် လည်း အခက်အခဲနှင့် ရင်ဆိုင်နေရသလို ခရီးသည်တင်၊ ကုန်တင်ယာဉ်လုပ်ငန်းများလည်း အရှုံးပေါ်နေရသည့် အတွက် ဈေးနှုန်းများ တိုးမြှင့်ကောက်ခံနေရကြောင်းကိုလည်း သိရသည်။
စစ်အာဏာသိမ်းပြီးကာလမှ စတင်ပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့် ငွေဈေးကွက် မငြိမ်မသက်မှုများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင်တက်လာသော်လည်း စစ်ကောင်စီဘက်မှ ဖြေရှင်းမှုမပေး၊ ပြည်သူ့အခက်အခဲ ကို မငဲ့ဘဲသည့်အပြင် စက်သုံးဆီချွေတာရန် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပြောဆိုခဲ့သည်။







