ပင်လောင်းမြို့နယ် ကက်သလစ် ဘုရားကျောင်းနှင့် မယ်တော်ရုပ်ထု ဖျက်ဆီးခံရ

ပင်လောင်းမြို့နယ် ကက်သလစ် ဘုရားကျောင်းနှင့် မယ်တော်ရုပ်ထု ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ တတန်ကူးကျေးရွာ ကယန်းကသလစ် တတန်ကူးမယ်တော် နှင့် ဘုရားကျောင်းကို ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၀ ရက် မနက်ပိုင်းတွင် PNA အဖွဲ့က ပင်လောင်းမြို့နယ် တတန်ကူးကျေးရွာရှိ မယ်တော်ကို လာရောက် ဖျက်ဆီးခဲ့ပြီး လွန်ခဲ့သည့် ဧပြီလ တတိယအပတ်တွင်လည်း ကက်သလစ် ဘုန်းကြီးကျောင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

“ မယ်တော်ကိုယ်နဲ့ သူတို့နေတဲ့ စခန်းက တစ်ကိုက်လောက်တောင်မရှိဘူး။ သူတို့ အဲ့မယ်တော်ကို မဖျက်ခင် အရင်နှစ်ပတ် လောက်က ရွာထဲကရှိတဲ့ ဘုန်းကြီးကျောင်းကို ဖျက်ပြီးပြီ။ ကယန်းကက်သလစ်တွေရဲ့ ဘာသာရေး ဆိုင်ရာ အဆောက်အအုံ၊ ယုံကြည်ကိုးကွယ်ရာတွေကို ဖျက်ဆီးတယ်။ အဲ့ရွာကရွာငယ်တယ်။ ရွာငယ်လို့သူတို့နိုင်စားတာပေါ့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုမယ်တော် ကက်သလစ်ကို လာရောက်ဖျက်ဆီးချိန်တွင် ဗိုလ်လေးငဲဆန်း ဦးဆောင်ပြီး စစ်တပ်အင်အား ၂၀ ဝန်းကျင် ရှိကြောင်း၊ တစ်ချို့က အရပ်ဝတ်ဖြင့် လာဖျက်ဆီးသွားကြောင်းသိရသည်။

“ PNA ကအယောက် ၂၀ လောက်ရှိတယ်။ တစ်ချို့က အရပ်ဝတ်နဲ့လာတာ။ သူတို့ဖြတ်လာတဲ့ လမ်းပေါ်ကရွာတွေ ကို ပြောပြချက်အရတော့ တတန်ကူးရွာနဲ့ သူတို့ ကိုးကွယ်တည်ထားတဲ့ ရုပ်ထုတွေကို ဖျက်ဆီးပစ်မယ်၊ ရွာလူကြီးတွေကို ဖမ်းမယ်သူတို့ကို နှင်ထုတ်မယ်ဆိုပြီး ပြောနေကြတယ်တဲ့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကျေးရွာကို PNA တပ်ဖွဲ့တို့က ဖျက်ဆီးပြီး ပအိုဝ့်အမျိုးသားဥယျာဉ်ကိုတည်ဆောက်လိုကြောင်း၊ တတန်ကူးကျေးရွာသည် ပင်လောင်းမြို့နယ် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသောကြောင့် ထိုနေရာကို ဥယျာဉ်တည်ဆောက်လိုကြောင်း ဒေသခံများကို ခြိမ်းခြောက်ပြောဆိုသည်ဟု သိရသည်။

ထိုအပြင် ထိုကျေးရွာအတွင်းရှိသည့် ကက်သလစ် ဘုန်းတော်ကြီးကိုလည်း သစ်တောစည်းကျော်မှုနှင့် တရာစွဲထားကြောင်း လည်း သိရသည်။

“ ပအိုဝ့်တွေက သူတို့ ၂၀၀၈ ဥပဒေအတိုင်းပဲနေတယ်။ နိုင်ငံတော်က သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးထားတယ် ဆိုပြီး အဲ့ရွာကလည်း သူတို့နယ်မြေထဲပါတာကြောင့် ရွာကို ပအိုဝ့်အမျိုးသားဥယျာဉ်တည်ဆောက်မယ်ဆိုပြီး လုပ်လာတာ။ ဒေသခံတွေကတော့ သူတို့ရွာမှာ မလုပ်ပါနဲ့ပြောတယ်။ ဒါမဲ့သူတို့က အဲ့နေရာကိုပဲ စွပ်ကြီးလုပ်ချင်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ပအိုဝ့်အမျိုးသား တပ်မတော် (PNA) တပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဇော်ပျံက “ အဲ့ကိစ္စနှင့် ပတ်သက်ပြီး ကျနော်ဘာမှ မသိရသေးဘူး။ ကျနော် ဗမာပြည်ဖက်ကို ခရီးထွက်နေတယ်”ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

တတန်ကူးကျေးရွာသည် ကယန်းလူမျိုးများ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ဒေသဖြစ်ပြီး ပြည်သူများက ထိုနေရာကို အမျိုးသားဥယျာဉ်ကို လာမတည်ဆောက်ရန်အတွက် တောင်းဆိုနေကြသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...