ကျောင်းသားတွေကို CDM ထပ်လုပ်ကြဖို့ CDM students supporting Team က တောင်းပန်

ကျောင်းသားတွေကို CDM ထပ်လုပ်ကြဖို့ CDM students supporting Team က တောင်းပန်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းမတက်ပဲ CDM ပြုလုပ်ကြတဲ့ ကျောင်းသားတွေကို ထပ်မံပြီး CDM ပြုလုပ်ပေးကြဖို့ CDM Students Supporting Team (CSST)က မေလ ၈ ရက်နေ့မှာ တောင်းပန်လွှာထုတ်ပြန်ထားပါတယ်။

‘’အခုလက်ရှိမှာ တော်တော်များများ ကျောင်းသားကျောင်းသူတွေက ဒီ ၂၀၂၂-၂၀၂၃ မှာ သူတို့ကျောင်း တွေပြန်တက်ကြမယ် ဆိုတဲ့အသံတွေ ကျွန်တော်တို့ကြားရတယ်။ လက်ရှိလည်း ကျွန်တော်တို့ သိထား တဲ့အနေအထားလည်းရှိတာပေါ့ နော်။ အဲတော့ သူတို့ကို ကျွန်တော်တို့က ကျောင်းဆက်မတက်ပါနဲ့ ဒီ၂၀၂၂-၂၀၂၃ မှာလည်း မတက်ဖို့ကျွန်တော်တို့က အာမခံပေးပြီးတော့ ကြေငြာတာပေါ့နော်။” လို့ CDM Students Supporting Team ရဲ့ ဥက္ကဌ ကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီ မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ ပြည်သူတွေကနေ ကိုယ်ထူကိုယ်ထဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ကြားကာလပညာရေးအတွက် သင်ကြားရေးပိုင်းမှာ NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေတာရှိတယ်လို့လည်း သူကဆိုထားပါတယ်။

ကရင်နီပြည်မှာတော့ စစ်ရှောင်ပြည်သူတွေ ကနေကိုယ်ထူကိုယ်ထ ဖွင့်လှစ်တဲ့ စာသင်ကျောင်း၂၀၀ ဝန်းကျင်ရှိနေပါတယ်။

စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ လွိုင်ကော်၊ ဘောလခဲ နဲ့ မယ်စဲ့ မြို့နယ်တွေမှာတော့ ယခင်နှစ်က အစိုးရ စာသင်ကျောင်းတွေဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“CDM ဆက်လုပ်ဖို့ပဲပြောချင်ပါတယ်။ ကျွန်တော်တို့က ကြားကာလပညာသင်ကြားရေး ဖော်ဆောင်ပေး နေပါတယ်။ ဒီဖော်ဆောင်တဲ့အပေါ်မှာလည်း ကျွန်တော်တို့က ပေါ့ပေါတန်တန်သွားထားတာမျိုး မဟုတ်ဘဲ စနစ်တကျ ဒီမြေပြင်မှာ ကျွန်တော်တို့ ဒီ CDM ဆရာမတွေနဲ့ နောက်ပြီး Volunteer တွေ ပြီးရင် မိဘနဲ့အားလုံးရဲ့အားတွေနဲ့ ပူးပေါင်းပြီး စနစ်တကျ သင်ကြားပေးနေပါတယ်။ စစ်ကောင်စီရဲ့ကျောင်းမှာ ပညာမသင်ဘဲနဲ့ CDM စလုပ်နေတဲ့ ကျောင်းသာတွေအတွက် အကုန်လုံး ဒီဖက်မှာပါဝင်လာအောင်လို့ ကျွန်တော်တို့ ပြည်နယ်အနေနဲ့တော့ လုပ်ပေးနေပါတယ်။” လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ မှ တာဝန်ရှိသူ ဆရာတစ်ဦးက ပြောပါတယ်။

ကိုဗစ်ကာလအပြင် အာဏာသိမ်းမှုကြောင့် ၂နှစ်ကနေ ၃နှစ်အထိ ကျောင်းမတက်ရတဲ့ ကလေးတွေရဲ့ ပညာရေးကို မိဘတွေက စိုးရိမ်နေကြပါတယ်။

“အာဏာသိမ်းပြီးကတည်းကနေခုထိ စကစ ကျောင်းအတတ်ခိုင်းဘူး။ အကြောင်းရင်းက စိတ်မပါဘူး အရမ်းစိတ်နာတယ်ပေါ့ ကလေးတွေကိုယ်တိုင်လည်း သူတို့ကျောင်းမတက်ချင်ဘူး။ ခုလောလောဆယ်မှာတော့ ၄ တန်း တယောက်က ဦးလေးတို့နေတဲ့စခန်းမှာ မူလတန်းကျောင်းဖွင့်တော့ သူ့အတွက် အဆင်ပြေတယ်။ ၈တန်းနဲ့ ၉ တန်း ၂ ယောက်တော့ အဆင်မပြေဘူး အခက်အခဲရှိတယ်။ သူတို့ကို ကျောင်းထားပေးဖို့ တခြားစခန်းပို့ရတယ်။ ထော်လော်ဂျီနဲ့ သူတို့ကို ကြိုပို့ဖို့ဆိုတာလည်း မလုံခြုံဘူးလေ။ သူတို့ပညာရေးအတွက်တော့ စိတ်ပူရတယ်ပေါ့။” လို့ ကရင်နီ စစ်ရှောင်စခန်းတခုက ကျောင်းသားမိဘဖြစ်သူ ခူးပိုးရယ်ကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိတနိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ဖွင့်နိုင်တဲ့နေရာတွေမှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းသာတွေအပေါ် ပညာရေးကို အလေးထားတာ မဟုတ်ဘဲ နိုင်ငံရေးလှည့်ကွက်တစ်ခုအနေနဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ CSST ဥက္ကဌက သုံးသပ်ထားပါတယ်။

လက်ရှိကရင်နီပြည်မှာနေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရှောင် ဦးရေ နှစ်သိန်းနီပါးရှိနေပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...