ရွာငံမြို့နယ် စစ်ကောင်စီ အိမ်ဝင်မွှေပြီး ပြည်သူ (၄) ဦးကို ဖမ်းဆီးသွား

ရွာငံမြို့နယ် စစ်ကောင်စီ အိမ်ဝင်မွှေပြီး ပြည်သူ (၄) ဦးကို ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သဖန်းပင်ကျေးရွာတွင်း နေအိမ်များကို စစ်ကောင်စီက ဝင်မွှေပြီးနောက် ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းပေးပို့ချက်အရ သိရသည်။

ယနေ့ (မေ ၆) ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်က စပြီး သဖန်းပင်ကျေးရွာထဲ စစ်ကောင်စီက အရပ်ဝတ်ဖြင့် ရွာထဲဝင်လာပြီး PDF နှင့် သက်ဆိုင်သူများကို လာရောက်ရှာဖွေ မေးမြန်း စစ်ဆေးနေကြောင်း သိရသည်။

“ သူတို့ အရပ်ဝတ်နဲ့ ဝင်လာတယ်။ ပြီးတော့ လမ်းဘေးအိမ်တွေကို ဝင်မွှေနေတယ်။ PDF နဲ့ ဆက်စပ်တဲ့သူတွေကို မေးပြီး ရှာနေတယ်။ PDF နဲ့ သက်ဆိုင်သူတွေကို လာရှာနေတာ။ ပြီးတော့ ပြည်သူ (၄) ဦးကို ဖမ်းသွားပြီး။ ရွာသားတွေကိုလည်း ခြိမ်းခြောက်သွားသေးတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပြည်သူများကိုလာရောက်စစ်ဆေးရာတွင် ဒူးထောက်ခိုင်းပြီး သေနတ်ဖောက် ခြိမ်းခြောက်ခဲ့ သေးကြောင်း သိရသည်။

အဆိုပါ ဒေသခံ (၄) ဦးကိုလည်း PDF စခန်းရှိရာနေရာဟု ယူဆသည့်နေရာကို သွားရောက် ပို့ဆောင်ခိုင်း ထားကြောင်း သိရသည်။

“ သူတို့ PDF တပ်စခန်းရှိတဲ့ နေရာကို လာမေးတာ။ ပြည်သူတစ်ယောက်ကိုလည်း ဒူးထောက်ခိုင်းပြီး မိုးပေါ် သေနတ်ပစ်ပြီးတော့ ခြိမ်းခြောက်သွားသေးတယ်။ တကယ်လို့ မင်းတို့ PDF နေရာမပြောရင် အကုန်ပစ်သတ်ပစ်မယ်တဲ့။ အခုတော့ ပြည်သူ (၄) ဦးကို ခေါ်သွားပြီး နေရာသွားပြခိုင်းနေတာ။ သူတို့က ပြည်သူတွေပဲ မသိကြဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် သဖန်းပင်ကျေးရွာတွင်းရှိ ဒေသခံများသည် တောထဲသို့ ထွက်ပြေး တိမ်းရှောင်သွားနေပြီ ဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သည့် ဧပြီ ၂၆ ရက် ရွာငံမြို့နယ် လယ်ကိန်းကျေးရွာ အမျိုးသမီး ၄ ဦးအပါဝင် စုစုပေါင်း ဒေသခံ ၃၄ ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...