ဓာတ်မြေသြဇာစျေးမြှင့်တက်မှုကြောင့် ရခိုင်မှပန်းစိုက်ပျိုးသူများ အခက်ခဲဖြစ်နေ

ဓာတ်မြေသြဇာစျေးမြှင့်တက်မှုကြောင့် ရခိုင်မှပန်းစိုက်ပျိုးသူများ အခက်ခဲဖြစ်နေ

ရခိုင်ပြည်နယ်တွင် ဓာတ်မြေသြဇာစျေးနှုန်းမှာ ယခင်နှစ်ကထက်သုံးဆခန့် မြင့်တက်သွားမှုကြောင့် ပန်းစိုက်ပျိုးသူများ အခက်ခဲဖြစ်နေကြောင်းသိရသည်။

ထိုကဲ့သို့ စျေးနှုန်းမြင့်တက်မှုကြောင့် ပန်းစိုက်ပျိုးရာတွင် အရင်းများကာ အမြတ်ငွေအရနည်းသည်ဟု စစ်တွေမြို့ပန်းစိုက်ပျိူးသူ ဒေါ်ခိုင်စံဝင်းက နိရဥ္စရာကိုပြောသည်။

" လုပ်လာတဲ့သက်တမ်းတလျှောက်မှာ ဒီနှစ်လောက် ပစ္စည်းတွေ စျေးတက်တာ တခါမှ မတွေ့ဖူး သေးဘူး။ အရင်က ဓာတ်မြေသြဇာတစ်အိတ်ကို သုံးသောင်း လောက်ကနေ အခု တစ်သိန်းကျော် ဖြစ်သွားပြီ။ ပြီးတော့ ပန်းပင်မှာသုံးရတဲ့ ဆေးတွေ အကုန်စျေးတက်တယ်။ အရင်းများပေမယ့် ပန်းစျေးကတင်လို့မရဘူး။ အရင်လိုပဲရောင်းရတယ်။ ပန်းစျေးကွက်မရှိတော့။ ပန်းဆိုတာ စပါးလိုမျိုး တာရှည်ခံသိမ်းထားလို့မရတော့ ။ အပွင့်လွန်သွားရင် မရောင်းလိုက်ရပဲ ဆုံးရှုံးသွားတာမျိုးရှိတယ်" ဟုပြောသည်။

ပန်းစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးသူများအနေဖြင့် အရင်နှစ်များထက် နည်းပညာ၊ အတွေ့အကြုံများ ရရှိလာခဲ့သော်လည်း ဓာတ်မြေဩဇာအပါအဝင် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ စျေးတက်မှုကြောင့် စိတ်ပျက်စရာ ဖြစ်လာရသည်ဟု ပန်းစိုက်ပျိုးသူများက ပြောသည်။

ပန်းစိုက်ပျိုးသူ ဒေါ်ဦးခင်သန်းက " ပန်းကို ရေလောင်းရင် စက်နဲ့တင်ရတယ်။ ဆီစျေးတွေကလည်း တက်တော့ စက်ကို နေ့တိုင်းသုံးဖို့ အဆင်မပြေဘူး။ မြေသြဇာဖိုးကလည်းတက်ဆိုတော့ ကျမတို့ လုပ်စားရတာတွေ အဆင် မပြေတော့ဘူး။ စားဝတ်နေရေးအတွက် စုထားတဲ့ပိုက်ဆံ ဓာတ်ဆီဖိုးအတွက် ထုတ်သုံးလိုက်ရတာတွေရှိတယ်။ ဒါကြောင့် ဒီပန်းစိုက်ပျိုးရေးက စပါးလောက်အရေး မကြီးပေမယ့် အစိုးရဘက်က ပန်းစိုက်သူတွေကို ချေးငွေဖြစ်ဖြစ်ထုတ်ပေးစေချင်တယ်"ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်ကပန်းများကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခြင်းမရှိဘဲ ယခုနှစ်ပိုင်းတွင်မှ စီးပွားဖြစ် စိုက်ပျိုးလာကြရာတွင် ယခုလို ကုန်စျေးနှုန်း ကြီးမြှင့်မှုနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ ပန်းများကို စစ်တွေ၊ကျောက်တော်၊မင်းပြား၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မြောက်ဦးတို့တွင် နေရာဒေသ အလိုက် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင် သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...