မောင်တောဒေသခံတစ်ဦးကို ရွှေချောင်း ၃၅ ချောင်း၊ မြန်မာငွေ ကျပ်သိန်းတစ်ထောင်နှင့်အတူ အင်းဒင်နယ်ခြားစောင့်တို့ ဖမ်းဆီး

မောင်တောဒေသခံတစ်ဦးကို ရွှေချောင်း ၃၅ ချောင်း၊ မြန်မာငွေ ကျပ်သိန်းတစ်ထောင်နှင့်အတူ အင်းဒင်နယ်ခြားစောင့်တို့ ဖမ်းဆီး

စစ်တွေမှ မောင်တောမြို့သို့ ပြန်လာသူ မောင်တော ဒေသခံတစ်ဦကို ရွှေချောင်း ၃၅ ချောင်း၊ မြန်မာငွေ ကျပ်သိန်း ၁၀၀၀ နှင့် အတူ ဧပြီ ၂၄ ရက်နေ့က အင်းဒင်နယ်ခြားစောင့်ရဲက ဖမ်းဆီးပြီး အမှုဖွင့်ထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့၊ အမှတ် ၄ ရပ်ကွက်မှ ကိုမင်းဇော်(ခ) မောင်မောင်အသက် ၃၅နှစ်ဖြစ်ပြီး ၎င်းကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈)ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်ဟု အင်းဒင်ရဲစခန်းမှာ ဒုရဲအုပ်အေးမင်းက နိရဥ္စရာကိုပြောသည်။

" ဖမ်းမိတာကတော့ အင်းဒင်စစ်ဆေးရေးဂိတ်မှာပါ။ အသေးစိတ်ကိုတော့ အဲဒီဂိတ်ကပဲပြောနိုင်မယ်။  ဖမ်းထားတဲ့ လူကိုတော့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်"ဟုပြောသည်။

ယခုကဲ့သို့ မိမိပြည်တွင်းတွင် ရွှေအရောင်းအဝယ်လုပ်ခြင်းများကို ဖမ်းဆီးခြင်းသည် မတရားကျသော နည်းလမ်းဖြစ်ပြီး ရခိုင်ပြည်၏ စီးပွားရေး လုပ်သူများအနေဖြင့်လည်း ထိခိုက်မှုရှိလာနိုင်သည်ဟု မောင်တောမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုံးက ပြောသည်။

" ကိုယ့်ပြည်နယ်အတွင်းဘဲ လုပ်တာကိုဖမ်းတာကျတော့ မတရား လုပ်တာကြတယ်လို့ထင်တယ်။ တဖက်နိုင်ငံကို မှောင်ခိုသွားတာလည်း မဟုတ်ဘူး။  ရခိုင်ပြည်ထဲမှာတောင် စီးပွားရေး လုပ်စားလို့ မရတဲ့ထိ အခက်ခဲဖြစ်လာနိုင်တယ်။ မောင်တောကနယ်စပ်မြို့ဖြစ်တာကြောင့်ပဲ တဖက်နိုင်ငံကို ဒီပစ္စည်းတွေကိုပို့မယ်လို့ ပုံသေကောက်ချက်ချလို့မရဘူးလေ။ တကယ်လို့တဖက်နိုင်ငံကို ပို့ရင်တော့ ဖမ်းပေါ့"ဟုပြောသည်။

မောင်တောမြို့နယ်သို့ ယူဆောင်သည့် ရွှေချောင်းနှင့် ငွေများကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး မာန်အောင်အမျိုးသားလွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက" မူးယစ်ဆေးဆိုတာတို့ များသောအားဖြင့် မောင်တောမှာ မကြာမကြာ ဖမ်းတာ တွေ့နေရတယ်။ ရွှေချောင်းတွေဖမ်းတာကျတော့ သူတို့က ဘယ်ဥပဒေအရ အရေးယူမယ်ဆိုတာ မသိရသေးဘူး။ တစ်ဖက်နိုင်ငံကို တင်ပို့တာ မဟုတ်ဘဲ ကိုယ့်ပြည်တွင်းမှာဆိုရင် ဘယ် ဥပဒေနဲ့ အရေးယူမလဲ။ ဥပဒေကို လိုသလို အသုံးချပြီး ပြုလုပ်တာမျိုးတော့ မဖြစ်သင့်ဘူး" ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခု နှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကာလတန်ဖိုး ကျပ်သိန်း ၄ ထောင်ကျော်တန် ဖိုး ရှိသော အကယ်ဒမီတံဆိပ်ပါ ရွှေချောင်း ၂၅ ချောင်းနှင့်အတူ ငွေကျပ် ၆ သောင်း ကျော်ကို မောင် တော မြို့နယ် ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် လူ နှစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့ကလည်း မောင်တောမြို့နယ် ၃ မိုင် စစ်ဆေးရေး ဂိတ်တွင် ကျပ်သိန်း ၆ ထောင်  တန်ဖိုးရှိသော အကယ်ဒမီအခေါက်ရွှေချောင်း ၃၉ချောင်းနှင့် ငွေသားသက်သက် ကျပ်သိန်း ၂ ထောင်တို့ကို ဖမ်းမိခဲ့ကြောင်းသိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...