နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံ ကိုအတင်းအဓမ္မခေါ်

နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံ ကိုအတင်းအဓမ္မခေါ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျောက်မီးသွေးတွင်းအနီး စစ်ကောင်စီတပ်မှ ဒေသခံ (၁၀၀) ကျော် ခေါ်ယူပြီး ကင်းတပ်စခန်းအသစ် တည်ဆောက်ရန် အတင်းအဓမ္မစေခိုင်းကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ (၂၉-၃၀) ရက်တွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မိုကျေးရွာမှ ဒေသခံ (၁၀၆) ဦးကို ၎င်းတို့၏ ကင်းတပ်စခန်း အသစ်တည်ဆောက်ရန်အတွက် စေခိုင်းခဲ့ပြီး အသစ်တူးဖော်မည့် ကျောက်မီးသွေးတွင်းနှင့် (၁) မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

“တပ်ကင်းစခန်းအသစ်တည်ဆောက်တဲ့အခြေနေကြည့်ရတာကတော့ ကျောက်မီးသွေးတွင်း အသစ်တူးမယ့်နေရာနဲ့ သက်ဆိုင်မယ်ထင်တယ်။ သဘာဝပတ်ဝန်းကျင်တွေ ဖျက်ဆီးတော့မယ်နေရာတွေမှာ၊ ဆည်တွေ တည်ဆောက်တော့မယ့် နေရာဆိုရင် သူတို့တွေ တပ်ကို ဆောက်ကြတယ်။ လုံခြုံရေးပိုင်းတွေ ယူပေးတယ်။ အရင်တုန်းက ရှိခဲ့ဖူးတယ်။ ဒါကြောင့် ဒါလည်း သက်ဆိုင်မယ်ထင်တယ်” ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုအသစ်တည်ဆောက်မည့် တပ်ကင်းစခန်းသည် နမ့်မိုကျေးရွာ ဒေသခံ လုံးဆာ၏ လယ်ယာမြေပေါ်မှာ သွားရောက်တည်ဆောက်ထားပြီး စစ်ကောင်စီဘက်မှ ပိုင်ရှင်ထံ အကြောင်းတစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်း မရှိကြောင်း၊ ရွာသားများကို ကတုတ်ကျင်းတူးခိုင်းခြင်း၊ သစ်ဝါးများ ခုတ်ရခြင်း နှင့် ခြံစည်းရိုးများ ကာရခြင်းများ ပြုလုပ်ပေးရကြောင်း ၎င်းကထပ်လောင်းပြောသည်။

“ခမရ (၅၅၃) ခုတော့ သူတို့လူအင်အား ၃၀ ကျော်လောက်ရောက်ထားတယ်။ အရင်တုန်းက မရှိဘူး။ မတ်လ ကုန်ပိုင်းလောက်မှ သူတို့လာနေကြတာ။ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေပဲ၊ သူတို့ ရွာထဲလာပြီး စာသင်ကျောင်းတွေမှာ လာနေတယ်။ ဒေသခံ ပြည်သူတွေကို ခေါ်ပြီး အတင်းအဓမ္မ သူတို့ ကင်းတပ်စခန်းကို လုပ်ခိုင်းတယ်ဆိုတာ ဒါက လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်” ဟု စိုင်းဟော်ရှဲန် က ထပ်လောင်းပြောသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီ လက်အောက်ခံ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော တစ်နိုင်ငံလုံး သယံဇာတတူးဖော်ခွင့်ပြုသည့်စာရင်းသည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် တူးဖော်ရန် စီစဉ်နေသည့် စုစုပေါင်း ဧက (၅၀၀) ကျော် ကျယ်ဝန်းသည့် ကျောက်မီးသွေးတွင်း (၅) ခုလည်းပါဝင်သည်။

အဆိုပါ ကျောက်မီးသွေးတွင်း အားလုံးသည် ငွေရည်ပုလဲ ကုမ္ပဏီ၏ လက်အောက်ခံ မန္တလေး ဖြန့်ချီရေး နှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီမှ တူးဖော်ခွင့်ပြုချက် ရရှိထားသည်ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ထုတ်ပြန်ထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...