AA ၏နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်းဆုတောင်းကာ NUG အစိုးရ ဂုဏ်ပြုသဝဏ်လွှာပေးပို့

AA ၏နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်းဆုတောင်းကာ NUG အစိုးရ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ရက္ခိုင့်တပ်တော်(AA)၏နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်းဆုတောင်းကာ AA တပ်မွေးနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၀ ရက်တွင် လက်မှတ်ရေးထိုးပေးပို့လိုက်သည်။

အဆိုပါသဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယနေ့ ဧပြီလ ၁ဝ ရက်တွင်ကျရောက်သော ရက္ခိုင့်တပ်တော် (AA)၏ (၁၃)နှစ်ပြည့်အခမ်းအနား အောင်မြင်ပါစေကြောင်းနှင့် ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်ကိုတွေ့ရသည်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရရှိရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးအတွက် ရခိုင်ပြည်သူလူထုကိုဦးဆောင်ပြီး တော်လှန်ရေးတိုက်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် ထူထောင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်ပြည့်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ဂုဏ်ပြုအသိအမှတ်ပြုကြောင်းလည်း ယင်းသဝဏ်လွှာတွင် ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း အာဏာရှင်များ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် လူမျိုးကြီးဝါဒနှင့် တပြည်ထောင်အုပ်ချုပ်ရေးစနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို အာမခံသည့်နိုင်ငံရေးစနစ်သစ် ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရေးသားထားသည်။

ရက္ခိုင့်တပ်တော် (AA)ကို လူပေါင်း  ၂၆ ဦးဖြင့် ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ဧပြီ ၁၀ ရက်သည်  AA ၏ ၁၃ နှစ်ပြည့်မြောက်သည့်နေ့ဖြစ်သည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...