လူသောင်းနှင့်ချီဆင်နွှဲသည့် ဇီးချောင်းဆည်သင်္ကြန်ပွဲ စည်စည်ကားကားကျင်းပမည်

လူသောင်းနှင့်ချီဆင်နွှဲသည့် ဇီးချောင်းဆည်သင်္ကြန်ပွဲ စည်စည်ကားကားကျင်းပမည်

လူပေါင်း သောင်းနှင့်ချီဆင်နွှဲတတ်သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ဇီးချောင်းဆည်သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင်လည်း စည်စည်ကားကားကျင်းပသွားမည်ဟု ဦးဆောင်သူများမှ သိရသည်။

ယင်းပွဲတော်ကို “ဇီးချောင်းရက္ခိုင်သင်္ကြန်ပွဲတော်”အမည်ဖြင့် ကျောက်တော်မြို့ မဟာမုနိဘုရားကြီးအနီးရှိ ဇီးချောင်းဆည်အနီးတွင် ဧပြီ ၁၂ ရက်မှ ၁၇ ရက်အထိ ၆ ရက်ကြာ စည်စည်ကားကားကျင်းပသွားမည်ဟု ပွဲကျင်းပရေးတာဝန်ခံ ဦးဘသောင်းက နိရ ဉ္စရာကိုပြောသည်။

“ရခိုင်သင်္ကြန်ထဲမှာ အဲလို အကြီးဆုံးသင်္ကြန်တစ်ခုဖြစ်အောင်ပေါ့လေ။ အဲလို ရခိုင်ပြည်ထဲမှာချတဲ့ သင်္ကြန်ထဲမှာ အခု ဇီးချောင်းဆည်သင်္ကြန်ဟာ စနစ်တကျနဲ့ ရခိုင်သားတို့ရဲ့ အဓိက အကြီးဆုံးသင်္ကြန်မျိုးဖြစ်အောင်အထိ ကျနော်တို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။

နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ရခိုင်ရိုးရာအစားအစာများနှင့် ရခိုင်ဒေသထွက် ရိုးရာအရက်များကိုလည်း ထည့်သွင်းရောင်းချပေးသွားမည်ဟု ဆိုသည်။

ယင်းသင်္ကြန်ပွဲတော်တွင် ဂီတဖြေဖျော်ပွဲတော်ကိုလည်း ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်ကြာ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဝင်ခွင့်လက်မှတ်တစ်စောင်လျှင် ကျပ် ၃ ထောင်ဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေစသည့် မြို့များတွင် လှည့်လည်ရောင်းချနေပြီဖြစ်သည်။

ယင်းဂီတဖြေဖျော်ပွဲတွင် ရခိုင့်နာမည်ကြီးအဆိုတော်များဖြစ်သော မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ သိန်းထိုက်ဇော်၊ ဒိုးအ်ရီ၊ ယုယုလှိုင်၊ ရီလှိုင်းပြာ၊ ဇင်မာထွန်း၊ တနင်္ဂနွီ၊ ဂျူးထက်ထက်အောင်နှင့် အခြားနာမည်ကြီးအဆိုတော်များလည်း ပါဝင်သီဆိုဖြေဖျော်ကြမည်ဖြစ်သည်။

အဆိုပါသင်္ကြန်ပွဲတော်ကို ကျောက်တော်ဒေသ သရီချောင်းနယ်မြေလူငယ်အင်အားစုက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး လက်ရှိတွင် စတိတ်စင်နှင့် မဏ္ဍပ်များကိုလည်း အဆင့်အတန်းမီမီဖြင့် စတင်ဆောက်လုပ်လျက်ရှိနေပြီဟု သိရသည်။

ဇီးချောင်းဆည်ရက္ခိုင်သင်္ကြန်ပွဲတော်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေစသည့် အမြို့မြို့အနယ်နယ်မှ လူငယ်လူရွယ်များနှင့် မိသားစုအလိုက်သွားရောက်လည်ပတ်သူ လူဦးရေသောင်းနှင့်ချီ ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...