ရန်ကုန်တွင် သေနတ်ပစ်ခံရ၍သေဆုံးသွားသည့်အမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်စေလိုဟု ဇနီးဖြစ်သူပြော

ရန်ကုန်တွင် သေနတ်ပစ်ခံရ၍သေဆုံးသွားသည့်အမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်စေလိုဟု ဇနီးဖြစ်သူပြော

ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်တွင် ယနေ့နံနက်က သေနတ်ပစ်ခတ်ခံရ၍သေဆုံးသွားသည့် အမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်စေလိုသည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်မာစန်းက နိရ ဉ္စရာကိုပြောသည်။

“ဒါနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးစေချင်တယ်။ မတရားလုပ်တဲ့သူတွေကို အမှုဖွင့်ရမယ်ပေါ့။ လူကို မတရားသတ်သွားတယ်လေ။ လူမှားပစ်တယ်လို့လည်း အမျိုးမျိုးသတင်းတွေတက်လာတယ်”ဟု ပြောသည်။

သေဆုံးသူမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်မြို့ တောလယ်ကျေးရွာမှ အသက် ၄ဝ အရွယ် ဦးသက်ဇော်ဖြစ်သည်။

သူသည် ရန်ကုန်တွင် ငယ်စဉ်ကပင်နေထိုင်သူဖြစ်ပြီး ပန်းထိမ်လုပ်ကိုင်သူဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်မာစန်းက ပြောသည်။

ဦးသက်ဇော်သည် ယနေ့ ဧပြီလ ၁ ရက် နံနက်က ကျောက်မြောင်းရပ်ကွက် သတိပဋ္ဌာန်လမ်းရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် အစ်ကိုဝမ်းကွဲဖြစ်သူ ဦးကိုထွေး (၅ဝ နှစ်ခန့်)နှင့်အတူ လက်ဘက်ရည်သောက်နေစဉ် ဆိုင်အတွင်းသို့ ဦးထုပ်ဆောင်းပြီး မျက်နှာဖုံးစွပ်ထားသည့်အမျိုးသားနှစ်ဦးလာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်ကပြောကြောင်း ဒေါ်ခင်မာစန်းက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးသက်ဇော်တွင် လည်ပင်း၊ ကျောကုန်း၊ ဝမ်းဗိုက်နှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာ ၅ ချက်ဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သိရသည်။

သူနှင့်အတူရှိသည့် ဦးကိုထွေးသည် အခင်းဖြစ်ပွားချိန် ထွက်ပြေးစဉ် ဆီးခုံတွင် သေနတ်ဒဏ်ရာ ၁ ချက် ရှပ်ထိသွားခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

သေဆုံးသူသည် နိုင်ငံရေးလှုပ်ရှားမှုလည်း တစ်စုံတစ်ရာမရှိဘဲ ကျောက်မြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပုံစံတူသည့်အတွက် လူမှားပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူက ပြောသည်။

“ပစ်တာက အဲဒီသက်ဇော်ကိုရည်စူးပြီးတော့ ပစ်ခဲ့တာ။ သူက အုပ်ချုပ်ရေးမှူးနဲ့တစ်ပုံစံတည်းလို့ ပြောတယ်။ အဲဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ပုံစံတူလို့ လူမှားပစ်တယ်လို့ ပြောတယ်။ သူက နိုင်ငံရေးနဲ့ လှုပ်ရှားမှုတော့ မရှိဘူး။ ကိုယ့်နယ်အတွက်ပဲ သာရေးနာရေးအတွက် ကူညီလုပ်ပေးတာလောက်ပဲရှိတယ်”ဟု ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်သွားသူများမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို လောလောဆယ် မသိရသေးပါ။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းအား တာမွေမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေသည်ဟု မိသားစုဝင်များက ပြောသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...