ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ထပ်မံကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေး

ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ထပ်မံကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေး

ရခိုင်ပင်လယ်ပြင်အတွင်း တရုတ်အာကာသယာဉ်အပိုင်းအစများ ထပ်မံကျရောက်မည်ဖြစ်သည့်အတွက် သတိထားသွားလာကြရန် သတိပေးထားကြောင်း သိရသည်။

အဆိုပါတရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပြည်နယ် သံတွဲလေဆိပ်၏အနောက်တောင်ဘက် ရေမိုင် ၃၄ မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်သို့ ဧပြီလ ၇ ရက်မှ ၁၃ ရက်အတွင်း နေ့စဉ် နံနက် ၅ နာရီခွဲမှ ၉ နာရီအတွင်း ကျရောက်မည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။

ယင်းသို့ ကျရောက်လာနိုင်သဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကမ်းဝေးရေယာဉ်များအနေဖြင့် အဆိုပါဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြု သွားလာနိုင်ကြရန် ပြည်နယ်အစိုးရက သတိပေးထားကြောင်း သိရသည်။

ရခိုင်တွင် ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ မကြာခဏ ကျရောက်ခြင်းသည် ရေလုပ်ငန်းကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရသူများနှင့် ရေလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောသည်။

“အရင်ကဆိုရင် ဒီလိုကျမယ်ဆိုတာကို မသိဘဲ လှေထွက်တဲ့သူတွေရှိတယ်။ အရမ်းအန္တရာယ်များတယ်။ ပြီးတော့ ဒီလိုမကြာခဏကျရောက်တဲ့အတွက် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လက်လုပ်လက်စားသူတွေအတွက် ခက်ခဲတယ်။ တစ်ချို့ဆို အသက်စွန့်ပြီးသွားကြတာတွေရှိတယ်။ လုပ်ငန်းရှင်တွေလည်း ဒီလိုပါပဲ။ မထွက်ဘဲရက်တွေကြာသွားရင် အလုပ်သမားဖိုးတွေ အကုန်ကျစရိတ်တွေများတယ်။ ထိခိုက်နစ်နာမှုတွေရှိကြတယ်”ဟု ပြောသည်။

အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ် ကျရောက်ခဲ့သည်။

ယခုကဲ့သို့မကြာခဏကျရောက်နေခြင်းသည် ပုံမှန်မဟုတ်သောအခြေနေဖြစ်နေပြီဖြစ်သည့်အတွက် အစိုးရအနေဖြင့် ရခိုင်ပြည်သူတို့ ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ပေးသင့်သည်ဟုလည်း ဒေသခံများက ပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...