စစ်တွေရှိ ပရဟိတလုပ်ငန်းများတွင် ကျောင်းနေအရွယ်ကလေးငယ်များလည်း ပါဝင်လာ

စစ်တွေရှိ ပရဟိတလုပ်ငန်းများတွင် ကျောင်းနေအရွယ်ကလေးငယ်များလည်း ပါဝင်လာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ပရဟိတလုပ်ငန်းများတွင် ကျောင်းနေအရွယ်ကလေးငယ်များ ပါဝင်လာနေကြောင်း သိရသည်။

၄င်းတို့မှာ စစ်တွေမြို့နယ် မင်းဒရားချိတ်ကျေးရွာမှ အသက် ၁ဝ နှစ််အရွယ် ဒုတိယတန်းကျောင်းသား မောင်ကောင်းမြတ်ဟိန်းနှင့် ဗိုလ်ကြီးဖိုးသာရွာမှ အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသား မောင်သားထူးအောင်တို့ဖြစ်ကြသည်။

သူတို့ ၂ ဦးကို ပရဟိတစိတ်များရင့်သန်ပြီး လူအများအား ကူညီလိုစိတ်၊ တာဝန်ယူလိုစိတ်များဖြစ်အောင် မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံသဖြင့် လက်ခံပေးခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာအားပြောသည်။

“သူတို့နှစ်ယောက်ရဲ့မိဘတွေကိုယ်တိုင်လာအပ်တာဖြစ်သလို သူတို့ကိုယ်တိုင်ကလည်း လူတွေကို ကူညီလိုတဲ့စိတ်ရှိတယ်။ နောက်ထပ်လာပြီး အသင်းဝင်ချင်ကြတဲ့ ကလေးတွေရှိပေမယ့် မိဘအုပ်ထိန်းသူမပါရင် လက်မခံပါဘူး” ဟုပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင် အသက်အငယ်ဆုံးဖြစ်သည့် သူတို့ ၂ ဦးသည် ဖောင်ဒေးရှင်း၏ပရဟိတလုပ်ငန်းများတွင် လာရောက်ကူညီလုပ်ကိုင်နေခဲ့သည်မှာ ၁ နှစ်ခန့်ရှိပြီဖြစ်ပြီး အမှန်တကယ်လုပ်နိုင်သည်ကိုတွေ့ရသည့်အတွက် အသင်းယူနီဖောင်းများ ချုပ်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

မောင်သားထူးအောင်က “သားတို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်ချင်လို့ပါ။ အသင်းမှာ သားတို့က ရေလှူရတယ်။ လူနာတွေသယ်ရတယ်။ အရင်တုန်းကတော့ ကြောက်ပါတယ်။ အခုတော့ မကြောက်တော့ပါဘူး” ဟု ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင် လက်ရှိ အသင်းဝင် အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၂ဝ ဦးခန့်တို့ရှိပြီး အမျိုးသမီးအသင်းဝင်များမှာ စစ်တွေဆေးရုံသို့ တက်ရောက်ရန်လိုအပ်သည့် လူနာများအား အိမ်တိုင်ရာရောက်ကူညီသယ်ယူခြင်း၊ ဆေးရုံသို့ပို့ဆောင်ခြင်းများလုပ်ဆောင်ပေးကြကြောင်း သိရသည်။

၄င်းအပြင် အမျိုးသားအသင်းဝင်များမှာ လူနာများအတွက် ဆောက်ဆီဂျင်ရရှိရေး၊ ညအချိန် ရပ်ကွက်များအတွင်း အရေးပေါ်လူနာရှိပါက အဆင်သင့်ဖြစ်စေရန် ဂျူတီစောင့်ပေးရခြင်း၊ လူနေအိမ်များတွင် မြွှေဖမ်းပေးခြင်းလုပ်ဆောင်နေကြကြောင်း သိရသည်။

မောင်သားထူးအောင်နှင့် မောင်ကောင်းမြတ်ဟိန်းတို့မှာ အသင်းသားများတာဝန်ကျရာနေရာများသို့မထွက်ခွာမီ လိုအပ်သည့်ပစ္စည်းများအား ကူညီစစ်ဆေးပေးရခြင်း၊ ရေလှူဒါန်းရာတွင် ရေပိုက်များ ကူညီသိမ်းပေးရခြင်းနှင့် မြွေဖမ်းသည့်အဖွဲ့များတွင် တုတ်ကောက်များ ကူညီကမ်းပေးရခြင်းများကို လုပ်ကိုင်ပေးရကြောင်း သိရသည်။

ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအနေဖြင့် ဖုန်းတစ်လုံးဖြင့် ဂိမ်းကစားရင်းအချိန်ကုန်နေခြင်းထက် ယခုကဲ့သို့ လူမှုကူညီရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်စေခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်ဟုလည်း မြို့ခံများက ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် အသင်းဝင် ၁၀ ဦးဖြင့် စစ်တွေမြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...