မုန်တိုင်းငယ်အာစနီ အနီရောင်အဆင့်သို့ရောက်ရှိလာ၍ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ဒေသခံများ အရေးပေါ်ပြောင်းရွေ့နေရ

မုန်တိုင်းငယ်အာစနီ အနီရောင်အဆင့်သို့ရောက်ရှိလာ၍ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ဒေသခံများ အရေးပေါ်ပြောင်းရွေ့နေရ
မုန်တိုင်းဒဏ်ခံအဆောက်အအုံသို့ ပြောင်းရွေ့နေကြစဉ်။ Photo - ရခိုင်နေ့စဉ်
မုန်တိုင်းဒဏ်ခံအဆောက်အအုံသို့ ပြောင်းရွေ့နေကြစဉ်။ Photo - ရခိုင်နေ့စဉ်

အားကောင်းသောအာစနီမုန်တိုင်းငယ်သည် လိမ္မော်ရောင်အဆင့်မှ အနီရောင်အဆင့်သို့ရောက်ရှိလာပြီဖြစ်၍ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံများအများအပြား မုန်တိုင်းဒဏ်ခံအဆောက်အအုံများသို့ အရေးပေါ်ပြောင်းရွေ့နေရပြီဟု သိရသည်။

အာစနီမုန်တိုင်း၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့်အခြေအနေဖြစ်သဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာန၏ ယနေ့ မတ်လ ၂၂ ရက် နံနက် ၁ဝ နာရီခွဲအချိန်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မုန်တိုင်းငယ်ကြောင့် ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်၊ ဂွ၊ စစ်တွေ၊ ကျောက်ဖြူနှင့် မြေပုံစသည့်မြို့နယ်များအပါအဝင် ရခိုင်ကမ်းရိုးတန်းရှိ ဒေသခံများသည် လက်ရှိတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံများနှင့် မုန်တိုင်းနှင့်လွတ်ကင်းနိုင်မည့်နေရာများသို့ အရေးပေါ်ပြောင်းရွေ့နေရပြီဟု သိရသည်။

လက်ရှိတွင် မုန်တိုင်းငယ်အာစနီသည် ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၇၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၀၅)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့‌မြောက်ဘက်ရေမိုင်(၂၂၀)မိုင်ခန့်နှင့် မာယာဘန်ဒါမြို့ (Mayabundar)၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်အကွာတွင် ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု သိရသည်။

မုန်တိုင်းငယ်သည် မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး  တစ်ဖြည်းဖြည်း အားလျော့သွားကာ ယနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟုလည်း ဆိုထားသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းတို့ဖြစ်နိုင်သည့်အတွက် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက  အသိပေးနှိုးဆော်ထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...