ခေတ်မီနည်းစနစ်ဖြင့်ထုတ်လုပ်လာနိုင်ပြီဖြစ်၍ ဒေသထွက်ဆားများကိုသာ အသုံးပြုကြရန် ရခိုင်ဆားလုပ်ငန်းရှင်များ တိုက်တွန်း

ခေတ်မီနည်းစနစ်ဖြင့်ထုတ်လုပ်လာနိုင်ပြီဖြစ်၍ ဒေသထွက်ဆားများကိုသာ အသုံးပြုကြရန် ရခိုင်ဆားလုပ်ငန်းရှင်များ တိုက်တွန်း

ရခိုင်ပြည်နယ်မှ ဒေသထွက်ကုန်တစ်ခုဖြစ်သော ဆားကို ခေတ်မီနည်းစနစ်ဖြင့်ထုတ်လုပ်လာနိုင်ပြီဖြစ်၍ မိမိဒေသထွက်ဆားများကိုသာ ဝယ်ယူသုံးစွဲကြရန် ပြည်နယ်ဆားလုပ်ငန်းရှင်များက တိုက်တွန်းလိုက်သည်။

ကျောက်ဖြူမြို့နယ်၊ ဂြင်ဂြီးကျေးရွာတွင် ဆားကွင်းဧက ၅၀ ကို ပလတ်စတစ်အခင်းဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နေလှန်းစမ်းသပ်ထုတ်လုပ်ရာ လက်ရှိတွင် ဆားပိဿာချိန် ၁ သိန်းခွဲထွက်ရှိနေပြီး အောင်မြင်နေပြီဟု ဆားလုပ်ငန်းရှင်များက ပြောသည်။

ထွက်ရှိလာသည့်ဆားများမှ ဆားတစ်ပိဿာကို ၃၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ပြီး ဒေသထွက်ကုန်ပစ္စည်းကို အသုံးပြုရန်လိုအပ်သည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက နိရဥ္စရာကို ပြောသည်။

“နိုင်ငံခြားကမှာတဲ့ ဆားတွေက အခုချိန်မှာ စျေးနှုန်း ဆယ်ဆလောက်မြင့်ပြီးတော့ ပစ္စည်းရောက်ဖို့မသေချာဘူး။ ကိုယ့်ပြည်တွင်းက ပစ္စည်းဆိုရင် စျေးနှုန်းလည်းသက်သာမယ်။ ပစ္စည်းရောက်ဖို့ကလည်း သေချာတယ်။ ဒါကြောင့် ကိုယ့်ပြည်ကထွက်တဲ့ အရည်အသွေးပြည့်မီတဲ့ ဆားကို သုံးစေချင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ရခိုင်မှနေလှန်းဆားများကို ပလတ်စတစ်အခင်းဖြင့် စမ်းသပ်ထုတ်လုပ်နေမှုကြောင့် အလေအလွင့်နည်းပါးပြီး အရည်အသွေးလည်း ကောင်းမွန်လာပြီဖြစ်၍ ပြည်တွင်းဖြစ်ကို သုံးစွဲကြရန်တိုက်တွန်းရခြင်းဖြစ်သည်ဟုလည်း ကျောက်ဖြူမြို့နယ် ဂန့်ဂါကျေးရွာမှ ဆားလုပ်ငန်းရှင်ဦးတင်လှိုင်က ပြောသည်။

"ဒီဆားက အရည်အသွေးကောင်းတယ်။ အဆင့်အတန်းမီတယ်။ အရောင်အသွေးကလည်းဖြူတယ်။ စျေးလည်းတန်တယ်။ ဒါကြောင့် ဒီလိုဆားမျိုးကို ပြည်မကထက်စာရင် ပြည်တွင်းဖြစ်ကိုအားပေးသင့်ပါတယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် ပြည်ပနှင့် ပြည်မဘက်မှ ထုတ်ကုန်များကိုသာ အဓိကမှီခိုနေရသဖြင့် မိမိဒေသတွင် ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေး၊ အခြားဒေသထွက်ကုန်များအပေါ် အလွန်အမင်းမှီခိုနေရမှုအပေါ် လျှော့ချရန် ဒေသအတွင်းက ထွက်ကုန်များကိုသာ အသုံးပြုသင့်ကြောင််း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ ရခိုင်မှဆားကွင်းများတွင်အသုံးပြုနေရသည့် ပလတ်စတစ်အခင်း ၁ လိပ်လျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှဝယ်ယူရပြီး ဆားကွင်း တစ်ဧကနေလှန်းရန်အတွက် ပလတ်စတစ် အလိပ် ၄၀ လိုအပ်သည်ဟု သိရသည်။

ဆားကွင်းတစ်ဧကနေလှန်းရန် စုစုပေါင်း ကျပ်သိန်း ၄ဝ ကုန်ကျမည်ဖြစ်၍ လိုအပ်သည့်အရင်းအနှီးများကို အစိုးရက ထုတ်ချေးရန်လိုအပ်သည်ဟုလည်း ဆားလုပ်ငန်းရှင်များက ပြောသည်။

အရင်းအနှီးမတတ်နိုင်၍ အများစုမှာ မိရိုးဖလာနည်းအတိုင်း မြေကြီးပေါ်တွင်သာ နေလှန်းနေကြရကြောင်း ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရခိုင်တွင် အရည်အသွေးကောင်းသောဆားကိုထုတ်လုပ်နိုင်ရန် စီးပွားရေးနှင့်ပတ်သက်သည့် ကုန်ထုတ်လုပ်ငန်းများကို စောင့်ကြည့်သောအဖွဲ့အစည်းများလိုအပ်ပြီး အဆင့်တန်းမီမီထွက်လာနိုင်ရန် အစိုးရတွင်လည်း တာဝန်ရှိသည်ဟု မာန်အောင်ဒေသခံ ကိုအောင်မြင့်သူက ပြောသည်။

“အဓိကတော့ အစိုးရကိုယ်တိုင်အနေနဲ့ ကိုယ့်ဒေသထွက်ပစ္စည်းတွေကိုရောင်းချပြီး အဆင်ပြေနိုင်အောင် အာမခံချက်ပေးတာမျိုး၊ အဲ့ထုတ်ကုန်တွေကို စစ်ဆေးဖို့ အမှန်တကယ်လုပ်ပေးဖို့ အဖွဲ့တွေလိုပါတယ်”ဟု ပြောသည်။

ရခိုင်တွင် ဆားလုပ်ငန်းဧက ၂,၀၀၀ ကျော်ရှိသည့်အနက် လိုင်စင်ဖြင့်လုပ်ကိုင်သော ဧက ၁,၀၀၀ ခန့်သာရှိသည်ဟု ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရခိုင်မှထွက်ရှိသည့် ဆားများကို ယခင် ၂ဝဝ၈ ၊ ၂ဝဝ၉ ခုနှစ်အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ခဲ့ရာ ဧက ၁ သောင်းကျော်အထိထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။

နောက်ပိုင်းတွင် ရခိုင်မှထွက်ရှိသောဆားများမှာ အရည်အသွေးကျဆင်းလာ၍ စျေးမရသောကြောင့် ပြည်ပမှ ဝယ်ယူမှုများမရှိတော့သည့်အတွက် ဆားလုပ်ငန်းလည်း မှေးမှိန်သွားခဲ့ရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် ပလတ်စတစ်အခင်းဖြင့်နေလှန်းထုတ်လုပ်လာနိုင်ပြီဖြစ်၍ အလေအလွင့်နည်းပါးပြီး စျေးကောင်းရရှိကာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနှင့် ပြည်တွင်း၊ ပြည်ပသို့ ရောင်းချနိုင်မည်ဟုလည်း ကျောက်ဖြူမြို့ ဆားလုပ်ငန်းဌာနခွဲမှ ပြည်နယ်မှူး ဦးသန်းမြင့်က နိရ ဉ္စရာကို မကြာသေးခင်က ပြောဆိုထားသည်။

ရခိုင်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မောင်တော၊ မာန်အောင်၊ မင်းပြား၊ အမ်းနှင့် ကျောက်ဖြူတို့တွင် နေလှန်းဆားလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...