စစ်တွေတွင် နေအိမ်ဖယ်ရှားခံရသူများအတွက် လူသားချင်းစာနာမှုအကူအည်ီများ ဆောင်ရွက်ပေးရန် ALP ပါတီက ပြည်နယ်ကောင်စီထံ တောင်းဆို

စစ်တွေတွင် နေအိမ်ဖယ်ရှားခံရသူများအတွက် လူသားချင်းစာနာမှုအကူအည်ီများ ဆောင်ရွက်ပေးရန် ALP ပါတီက ပြည်နယ်ကောင်စီထံ တောင်းဆို

ရခိုုင်ပြည်နယ်၊ စစ်တွေမြို့တွင် နေအိမ်ဖယ်ရှားခံလိုက်ရ၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသော မိသားစုများအတွက် ရခိုင်ပြည်နယ်ကောင်စီအနေဖြင့် လူသားချင်းစာနာမှု အကူအညီများဆောင်ရွက်ပေးရန် ALP ပါတီက တိုက်တွန်းတောင်းဆိုလိုက်သည်။

အဆိုပါတိုက်တွန်းတောင်းဆိုသည့်စာကို ယနေ့ မတ်လ ၁၅ ရက်တွင် ရခိုင်ပြည်နယ်ကောင်စီရုံးသို့ စာရေးသားတင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်းစာတွင် “သက်ဆိုင်ရာအစိုးရ၏ စီမံကိန်းအရဖြစ်စေ၊ ဥပဒေအကြောင်းအရဖြစ်စေ ကျူးကျော်နေထိုင်ကြသည်ဟု သတ်မှတ်ဖယ်ရှားသော်လည်း ၎င်းတို့အသက်ရှင်နေထိုင်ရေးအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများ ကူညီပေးပါရန်နှင့် ဖယ်ရှားခံရသည့် မိသားစုများအတွက် ကောင်းမွန်စွာသည့် အစီအမံများ ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်အစိုးရထံသို့ တိုက်တွန်းအပ်ပါသည်”ဟု ဖော်ပြပါရှိသည်။

ALP ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “သူတို့ကို သွားကြည့်လိုက်တဲ့အခါမှာ အိမ်သာတစ်လုံးမှ မရှိဘူး။ လူ ၃၀၀ ကျော်ဘယ်လိုသွားနေကြလဲဆိုတာက အကြီးအကျယ်ပြဿနာရှိတယ်။ နွေရာသီလည်းရောက်လာပြီဖြစ်တဲ့အတွက် သန့်ရှင်းမှုမရှိရာကနေ ဝမ်းရောဂါဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ကိုဗစ်ပေါ့။ လူတွေက ကြိတ်ကြိတ်တိုးနေကြရတဲ့အခါ အဲလိုမျိုးတွေ အများကြီးတွေ့ရတယ်။ အဲလိုမျိုးတွေတွေ့တာကြောင့် အခက်အခဲတွေအများကြီးရှိပါတယ်။ အဲဒါကြောင့် အထူးမေတ္တာရပ်ခံချင်တာက ဒီပုဂ္ဂိုလ်တွေက နေရာဖယ်ရှားခြင်းခံရလိုက်ပြီလို့ဆိုရင် ဖယ်ရှားခံရတဲ့လူတွေကို ဘယ်လိုအစီအမံတွေလုပ်ပေးမလဲပေါ့” ဟု နိရဥ္စရာသို့ပြောသည်။

နေအိမ်ဖယ်ရှားခံလိုက်ရသူများသည် စားဝတ်နေရေးအခက်အခဲများရှိနေခြင်းကြောင့်လည်း ယခုကဲ့သို့ ပြည်နယ်ကောင်စီထံ မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

ALP အနေဖြင့်လည်း အဆိုပါအိုးမဲ့အိမ်မဲ့ဖြစ်သွားသော မိသားစုဝင်များအတွက် ယမန်နေ့ မတ်လ ၁၄ ရက်မှစတင်ကာ သောက်ရေသန့်ဘူးကြီးများလှူဒါန်းပြီး ယာယီအိမ်သာအချို့အား ဆောက်လုပ်ပေးနေကြောင်း သိရသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အာကျိတ်တော်ကုန်းသုသာန်မြေနေရာတွင်ဝင်ရောက်နေထိုင်ကြသည့် နေအိမ် ၂ဝဝ ခန့်ကို ပြီးခဲ့သည့် မတ်လ ၁ဝ ရက် နံနက်တွင် ရဲ၊ စစ်တပ်နှင့် လဝကတို့က ဖယ်ရှားရှင်းလင်းခဲ့သည့်အတွက် လူဦးရေ ရာနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။

အလားတူ စစ်တွေမြို့ ဝေသာလီအားကစားကွင်းနောက်မှ စစ်တွေတက္ကသိုလ်ရှေ့ရှိ ရထားလမ်း ဧရိယာအတွင်းဝင်ရောက်နေထိုင်ကြသည့် နေအိမ် ၁ဝဝ ခန့်ကိုလည်း ရဲ၊ စစ်တပ်နှင့် လဝကတို့က မတ်လ ၉ ရက်တွင် ဖယ်ရှားရှင်းလင်းခဲ့သည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

လက်ရှိတွင် နေအိမ်ဖယ်ရှားခံလိုက်ရသော မိသားစုများသည် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ဘုန်းကြီးကျောင်းအပြင်ဘက်များတွင် ဖြစ်သလို နေထိုင်နေရသည်ဟုလည်း ကာယကံရှင်မိသားစုများက နိရဥ္စရာနှင့်တွေ့ဆုံစဉ် ပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...