ရခိုင်ပြည်နယ်မှ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံ၏အကူအညီကိုယူကာ ဆောင်ရွက်သွားမည်ဟု အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း(ရခိုင်ပြည်နယ်) (MSME Association Rakhine) ဥက္ကဋ္ဌ ဦးညီတိုးမင်းက ပြောသည်။
“အဓိက ကျွန်တော် သူတို့ဆီက Networking ရယ်၊ နောက်တစ်ခုက နည်းပညာလိုတယ်။ ကျွန်တော်တို့ ရနိုင်သလောက်ပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ MSME က လူငယ်လူရွယ်တွေကိုလည်း သူတို့ဆီက MSME တွေကို ပူးပေါင်းဖို့၊ လေ့လာဖို့။ နောက်ပြီး အဲ့ဒီက နည်းပညာတွေကို ယူလာနိုင်ဖို့အတွက်လည်း ကြိုးပမ်းဖို့တော့ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ရခိုင်နှင့် အိန္ဒိယသည် ရခိုင်ဘုရင်လက်ထက်မှစတင်ကာ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး လက်ရှိတွင်လည်း ရခိုင်နှင့် အိန္ဒိယသို့ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းမှတဆင့် များမကြာမီ ကုန်စည်များကူးသန်းရောင်းဝယ်နိုင်တော့မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ အိန္ဒိယနိုင်ငံ၏အကူအညီကိုရယူရန် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဦးညီတိုးမင်းက ပြောသည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း(ရခိုင်ပြည်နယ်)ကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ယာယီဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ယနေ့ မတ်လ ၁၄ ရက်နေ့တွင် အသင်းကို တရားဝင်ဖွဲ့စည်းကာ အမှုဆောင်ကော်မတီ (CEC)အား မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်းကို စစ်တွေမြို့ရှိ အာရီယာန်ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီမှ ၄ နာရီအထိ ကျင်းပခဲ့သည်။
CEC အဖွဲ့ဝင်များကို မြို့နယ်ကိုယ်စားပြု ၁၇ ဦးဖြင့်ဖွဲ့စည်းထားပြီး စုစုပေါင်းအသင်းဝင် ၇၉ ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ၉ဝ ရာခိုင်နှုန်းကျော်ရှိကြပြီး လုပ်ငန်းလုပ်ကိုင်မှုအခြေအနေ၊ နည်းပညာအခြေအနေ၊ အစိုးရ၏ကူညီထောက်ပံမှုမရရှိသည့် အခြေအနေများကို ဖြည့်ဆည်းနိုင်ရန် ယခုအသင်းကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဦးညီတိုးမင်းက ဆက်ပြောသည်။
“စျေးကွက်က တကယ်တော့ ကျွန်တော်တို့မှာရှိပြီးသား။ ဘင်္ဂလားဒေရှ့်နှင့် အိန္ဒိယစျေးကွက်ပေါ့နော်။ အထူးသဖြင့် ဘင်္ဂလားဒေရှ့်စျေးကွက်ကို အားစိုက်ထားတယ်။ ကျွန်တော်တို့ဘာကို စိတ်ပူလဲဆိုတော့ စျေးကွက်လက်ခံတဲ့ကုန်ပစ္စည်းဖြစ်ဖို့တော့ လိုတယ်”ဟု ပြောသည်။
အဆိုပါအသင်းအနေဖြင့် လာမည့် မေလအတွင်း ဆီးယို၊ ဓနိဖူးခြောက်၊ ဝိုင်ထုတ်လုပ်ခြင်းနှင့် ဆပ်ပြာထုတ်လုုပ်မှုစသည့် ရခိုင်ဒေသထုတ်ကုန်လုပ်ငန်း ၇၀ ကျော်နှင့် ဝန်ဆောင်မှုများကို Made in Rakhine ခေါင်းစဉ်ဖြင့် ရခိုင်တွင် ကုန်စည်ပြပွဲတစ်ခုကျင်းပရန် စီစဉ်ထားကြောင်းလည်း သိရသည်။







