ကျောက်တော်တွင် နေအိမ် ၅ လုံး၊ စပါးအိတ် ၃ဝဝ ခန့်နှင့် ရွှေထည်များ မီးလောင်ပျက်စီးဆုံးရှုံး

ကျောက်တော်တွင် နေအိမ် ၅ လုံး၊ စပါးအိတ် ၃ဝဝ ခန့်နှင့် ရွှေထည်များ မီးလောင်ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာတွင် ယနေ့ ညနေက နေအိမ် ၅ လုံး၊ စပါးအိတ် ၃ဝဝ ခန့်နှင့် ရွှေထည်များ မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ယနေ့ မတ်လ ၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါကျေးရွာရှိ ဦးမောင်ဝေဖြိုးတို့နေအိမ်ထင်းမီးဖိုမှတဆင့် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

မီးစတင်လောင်ခဲ့သည့်နေအိမ်နှင့် အိမ်နီးနားချင်းဖြစ်သူ ကိုညီညီဇော်က “မီးလောင်တာကိုမြင်တာနဲ့ ငြိှမ်းသတ်ချိန်တောင်မရလိုက်ဘူး။ ထက်ဝက်လောက် လောင်သွားပါပြီ” ဟုပြောသည်။

မီးလောင်မှုကြောင့် ဦးမောင်စိန်ညွန့်၊ ဦးမောင်ဝေဖြိုး၊ ဦးသောကြာ၊ ဦးကျော်မိုးဆန်းနှင့် ဦးမောင်ဖြူလှ၏နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဦးမောင်ဖြူလှတွင် စပါးအိတ် ၃ဝဝ ခန့်သိုလှောင်ထားသော စပါးကျီ ၁ ခု၊ ရွှေထည်ပစ္စည်း ၄ ကျပ်နှင့် ငွေသား ကျပ်သိန်း ၂ဝ တို့လည်း မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု သမီးဖြစ်သူ မဖြူနှင်းဝေက ပြောသည်။

“ဘာမှမရလိုက်ပါဘူး။ ရွှေတွေငွေတွေ အကုန်ပါသွားပါတယ်” ဟု ပြောသည်။

ကျောက်တလုံးကျေးရွာသည် ကျောက်တော်မြို့မှ ၃ မိုင်ခန့်ကွာဝေးသဖြင့် မီးသတ်ကားများရောက်လာချိန်၌ နေအိမ်များအားလုံး ပြာကျသွားပြီဟု ရွာသားများက ပြောသည်။

ရွာသားများ ဝိုင်းဝန်းငြိှမ်းသတ်မှုကြောင့် ၁ နာရီအတွင်း မီးငြိမ်းသွားခဲ့သည်ဟုလည်း ဆိုကြသည်။

အဆိုပါမီးလောင်မှုကြောင့် ဦးမောင်ဝေဖြိုး၏ဇနီးအပါအဝင် အမျိုးသမီး ၂ ဦးတို့မှာ သတိမေ့ပြီး နှလုံးခုန်မြန်ခြင်းများကြောင့် ကျောက်တော်မြို့ သရက်တပင်ဆေးခန်းသို့အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူဦးရေ ၂ဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး နီးစပ်ရာ အသိမိတ်ဆွေများနှင့် ဆွေမျိုးများအိမ်တွင် ယာယီခိုလှုံနေရသည်ဟု သိရသည်။

ရခိုင်တွင် ယခုနှစ် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ ၂ လအတွင်း မီးလောင်မှုဖြစ်ပွားခဲ့မှုများကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၆ လုံး၊ ကျပ်သိန်း ၅ဝဝ တန်ဖိုးရှိ ကား ၁ စီးနှင့် ဂိုဒေါင် ၂ လုံးတို့လည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့စာရင်းအရ သိရသည်။

ယခုကာလသည် ခြောက်သွေ့သည့် ပွင့်လင်းရာသီဖြစ်လာပြီဖြစ်၍ မီးကို အထူးသတိပြုကြရန်လည်း မီးသတ်ဌာနက သတိပေးထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...