စခန်းပြင်ပရောက် ရခိုင်စစ်ဘေးရှောင်များ စခန်းသို့ပြန်လည်ဝင်ရောက်နေထိုင်ခွင့်မရ၍ အခက်ခဲဖြစ်နေ

စခန်းပြင်ပရောက် ရခိုင်စစ်ဘေးရှောင်များ စခန်းသို့ပြန်လည်ဝင်ရောက်နေထိုင်ခွင့်မရ၍ အခက်ခဲဖြစ်နေ

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းပြင်ပရောက် စစ်ဘေးရှောင်များသည် စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်နေထိုင်ခွင့်မရသည့်အတွက် နေထိုင်ရေးအခက်ခဲဖြစ်နေကြောင်း သိရသည်။

ရခိုင်မှစစ်ဘေးရှောင်များတွင် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်စခန်းများတွင်မနေထိုင်ဘဲ အသိမိတ်ဆွေနှင့် ဆွေမျိုးများထံခိုလှုံနေထိုင်သူများရှိခဲ့သလို အိမ်ငှားကာနေထိုင်ခဲ့ကြသည့် စစ်ဘေးရှောင်များလည်း အများအပြားရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါစခန်းပြင်ပရောက်စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေးခက်ခဲလာနေပြီး မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကိုစိုးရိမ်၍ နေရပ်သို့လည်း မပြန်နိုင်ဖြစ်နေကြသည့်အတွက် စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ဝင်ရောက်လိုသော်လည်း စခန်းတာဝန်ရှိသူများက လက်မခံ၍ အခက်ခဲနှင့် ကြုံတွေ့နေကြရသည်ဟု ပြောကြသည်။

တင်းမကျေးရွာသား ဦးမောင်မြသန်းက နေရပ်ပြန်၍မရနိုင်သလို စစ်ဘေးရှောင်စခန်းများက လက်မခံ၍ အခက်ခဲဖြစ်နေရကြောင်း နိရဥ္စရာကို ပြောသည်။

"ကိုယ့်ရွာကပြေးလာတဲ့နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်လည်း ကယ်ဆယ်ရေးမဝင်ခဲ့ဘူး။ ကိုယ့်မှာပါလာတာနဲ့လုပ်ကိုင်စားသောက်တယ်။ အဆင်မပြေဘူး။ ၃ နှစ်ပြည့်တော့မယ်။ ကိုယ်တွေလည်း မဖုံမလုံအခက်ခဲဖြစ်နေတဲ့အခါ ဝင်လို့ရနိုင်မလားလို့ ကမ်းလှမ်းကြည့်တယ်။ ကယ်ဆယ်ရေးအတိုင်းအတာကလည်း ဘယ်လိုကန့်သတ်ချက်ရှိလဲမသိဘူး။ ဝင်လို့မရတော့ဘူးလို့ ပြောတယ်"ဟု ပြောသည်။

စစ်တွေမြို့၊ မင်းဂံအကွက် ၁၀ ရှိ မေယုဓမ္မစက္ခုပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင်ရက္ခဝံသဥက္ကံသက တိုက်ပွဲမဖြစ်သည့်နောက်ပိုင်းတွင် အသစ်ဝင်လာသည့်စစ်ဘေးရှောင်များကို လက်မခံရန်အစိုးရက မှာကြားထားပြီး ယင်းလူများအတွက် ရိက္ခာထောက်ပံမှုမရှိကြောင်း မိန့်သည်။

"မိသားစုတွေ ဟိုလမှာတစ်စု၊ ဒီလမှာတစ်စုနဲ့ မိသားစု နှစ်ဆယ်၊ သုံးဆယ်လောက်ရှိမယ် လာကြတာ။ အစိုးရကလည်း လက်ခံလို့မရတော့ ပြန်လွှတ်လိုက်ရတာတွေရှိတယ်။ အများကြီး။ တိုက်ပွဲမဖြစ်ချိန်မှာ ကိုယ့်အိမ်ပြန်ဖို့ ဖိအားပေးတယ်။ လက်ခံထားရင်လည်း ရိက္ခာမပေး။ အဲ့ဒီလူတွေဟာ ဘောင်မဝင်တာတွေရှိတယ်။ ဦးဇင်းက ဘာပဲဖြစ်ဖြစ် လက်ခံထားချင်ပေမယ့် သူတို့အတွက်အလုံးစုံက မပံ့ပိုးပေးနိုင်တော့ ပံ့ပိုးပေးမယ့်သူရှိရင်တော့ လက်ခံထားမယ်"ဟု မိန့်သည်။

ကျောက်တော်မြို့နယ် ပီချောင်း၊ သဲပုံကျေးရွာတွင် ယာယီနေထိုင်နေသည့်  ပြိုင်းတိုင်းကျေးရွာသား ဦးမောင်အေးသန်းကလည်း အမှန်တကယ်ဒုက္ခရောက်နေသူများကို စိစစ်လက်ခံကူညီသင့်ကြောင်း ပြောသည်။

"အခုကတော့ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေသလို ရှာစားနေတယ်။ ကိုယ့်မှာ အိုးလည်းမရှိ၊ အိမ်လည်းမရှိ စီးပွားကလည်း ပျက်တယ်ဆိုတော့ ပင်ပန်းတော့ ပင်ပန်းတာပေါ့။ တကယ့်ကို အတိဒုက္ခရောက်နေသူတွေကိုတော့  နည်းနည်းပါးပါးကူညီစေချင်တယ်လို့ ပြောချင်ပါတယ်"ဟု ပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းများသို့ဝင်ရောက်ခိုလှုံခွင့်တောင်းနေသည့် စခန်းပြင်ပရောက် စစ်ဘေးရှောင်ဦးရေကို စုံစမ်းမရခဲ့ပါ။

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဦးဝေဟင်အောင်က အမှန်တကယ်ဒုက္ခရောက်နေသူများဖြစ်သည့်အတွက် နစကကောင်စီအနေဖြင့် လက်ခံပေးရမည်ဟု ပြောသည်။

"စစ်ဘေးရှောင်တွေအနေနဲ့ ပြန်ဝင်ဖို့ကြိုးစားနေတဲ့သူတွေဟာဆိုရင် အဲ့ဒီစခန်းမှာ သူတို့ရွာကလူတွေ၊ ဆက်စပ်တဲ့ဆွေမျိုးတွေရှိတဲ့အတွက်နဲ့ အဲ့ဒီနေရာကို ဝင်လာတဲ့သူတွေကို ဖေးဖေးမမနဲ့ ကူညီဆောင်ရွက်ပေးရမယ်။ ဒါ့အပြင် အုပ်ချုပ်တဲ့နစကကသော်လည်းကောင်း ဒီလူတွေနဲ့ပတ်သက်ပြီး အမှန်တကယ်စစ်ဘေးနဲ့ဒုက္ခရောက်နေတဲ့လူတွေဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင်ကကြည်ကြည်ဖြူဖြူ လက်ခံပေးရမယ်"ဟု ပြောသည်။

စစ်ဘေးရှောင်စခန်းပြင်ပရောက်စစ်ဘေးရှောင်များမှာ ယခုကဲ့သို့ စခန်းတွင်းသို့ဝင်ရောက်နေထိုင်ခွင့်မရသည့်အတွက် စခန်းပြင်ပတွင် ဖြစ်သလို နေထိုင်နေကြရသည်ဟုလည်း သိရသည်။

ရခိုင်တွင် ၂၀၂၁ ဧပြီလမှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ၈ လကျော်အတွင်း စစ်ဘေးရှောင် ၁,၆၀၀ ကျော် နေရပ်ပြန်ပို့နိုင်ခဲ့သည်ဟု နစကကကောင်စီကပြောဆိုထားသည်။

လက်ရှိတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏အစာရင်းအရ နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင် ၆ သောင်းကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...