ရခိုင်နေလှန်းဆား အရည်အသွေးကောင်းရန် ပလတ်စတစ်အခင်းဖြင့်နေလှန်းရာတွင် အကုန်အကျများ၍ အစိုးရက ချေးငွေထုတ်ပေးရန်လိုဟုဆို

ရခိုင်နေလှန်းဆား အရည်အသွေးကောင်းရန် ပလတ်စတစ်အခင်းဖြင့်နေလှန်းရာတွင် အကုန်အကျများ၍ အစိုးရက ချေးငွေထုတ်ပေးရန်လိုဟုဆို

ရခိုင်ပြည်နယ်မှထွက်ရှိသည့် နေလှန်းဆားအား အရည်အသွေးကောင်းမွန်စေရန် ပလတ်စတစ်အခင်းဖြင့်နေလှန်းရာတွင် အကုန်အကျများ၍ အစိုးရက ချေးငွေထုတ်ပေးရန်လိုအပ်သည်ဟု ဆားတောင်သူများက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂန့်ဂါကျေးရွာမှ ဆားတောင်သူ ဦးတင်လှိုင်က “ပလတ်စတစ်ခင်းနဲ့ လုပ်ဖို့ပြင်ထားပြီ။ ဒါပေမယ့် အဲ့ဒါကစျေးအရမ်းကြီးတော့ ငွေကြေးမတတ်နိုင်ဘူး။ ဆားတောင်သူတွေအတွက် ချေးငွေတွေသာ ထုတ်ပေးရင် လုပ်နိုင်မယ်ထင်ပါတယ်”ဟု ပြောသည်။

ဆားများကိုနေလှန်းရာတွင်အသုံးပြုမည့်ပလတ်စတစ်အခင်း ၁ လိပ်လျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဝယ်ယူရကြောင်း သိရသည်။

ဆားကွင်း တစ်ဧကနေလှန်းရန်အတွက် ပလတ်စတစ် အလိပ် ၄၀ လိုအပ်ပြီး တစ်ဧကနေလှန်းရန် စုစုပေါင်း ကျပ်သိန်း ၄ဝ ကုန်ကျမည်ဟုလည်း ဆားတောင်သူများက ပြောသည်။

ပလတ်စတစ်အခင်းဖြင့်နေလှန်းပါက အလေအလွင့်နည်းပါးကာ တစ်ဧကမှ ဆားပိဿာ ၂,၀၀၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်း သိရသည်။

ရခိုင်တွင် ပလတ်စတစ်အခင်းဖြင့် ဆားလုပ်ငန်းကို ပိုမိုကျယ်ပြန့်စွာလုပ်နိုင်ပါက စျေးကောင်းရရှိပြီး အရည်အသွေးကောင်းသောဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြည်တွင်း၊ ပြည်ပသို့ ရောင်းချနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုး၍ အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာနိုင်သည်ဟု ကျောက်ဖြူမြို့ ဆားလုပ်ငန်းဌာနခွဲမှ ပြည်နယ်မှူး ဦးသန်းမြင့်က ပြောသည်။

“ပလတ်စတစ်က စျေးကြီးတော့ ဆားတောင်သူတွေအတွက် အရင်းအနှီးထုတ်ပေးဖို့ အစိုးရဘက်ကို အကြိမ်ကြိမ်တောင်းဆိုဖူးပေမယ့် အဆင်မပြေခဲ့ဘူး”ဟု ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ ကပိုင်ချောင်းကျေးရွာအုပ်စု၊ ဂြင်ဂြီးကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစ၍ ခေတ်မီနည်းပညာ ပလတ်စတစ်အခင်းဖြင့် ဆားများကို စမ်းသပ်နေလှန်းနေပြီဟုလည်း ဆက်ပြောသည်။

“ဆားအရည်အသွေးရော အထွက်နှုန်းရောကောင်းပါတယ်။ လောလောဆယ်တော့ ပလတ်စတစ်အခင်းနဲ့ တစ်ဧကပဲလုပ်နိုင်သေးတယ်”ဟုပြောသည်။

ရခိုင်တွင် ဆားလုပ်ငန်းဧက ၂,၀၀၀ ကျော်ရှိသည့်အနက် လိုင်စင်ဖြင့်လုပ်ကိုင်သော ဧက ၁,၀၀၀ ခန့်သာရှိပြီး အရင်းအနှီးမတတ်နိုင်၍ ပလတ်စတစ်အခင်းဖြင့် နေလှန်းနိုင်ခြင်းမရှိဘဲ မိရိုးဖလာနည်းအတိုင်း မြေကြီးပေါ်တွင်သာ နေလှန်းနေကြရကြောင်း သိရသည်။

ရခိုင်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ မာန်အောင်၊ မင်းပြား၊ အမ်းနှင့် ကျောက်ဖြူတို့တွင် နေလှန်းဆားလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...