၂ နှစ်ခန့်ကြာ အစအနမရဘဲ ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦးကိစ္စ စုံစမ်းဖော်ထုတ်ပေးရန် မိသားစုဝင်များတောင်းဆို

၂ နှစ်ခန့်ကြာ အစအနမရဘဲ ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦးကိစ္စ စုံစမ်းဖော်ထုတ်ပေးရန် မိသားစုဝင်များတောင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ရွာသား ၁၈ ဦးသည် ၂ နှစ်ခန့်ကြာ အစအနမရဘဲ ပျောက်ဆုံးနေမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နှင့် မတ်လ ၁၆ ရက်တွင် တင်းမရွာအတွင်း တပ်မ ၅၅ လက်အောက်ခံစစ်ကြောင်းတစ်ခုက တင်းမကြီးကျေးရွာမှ ၁ဝ ဦးနှင့် တင်းမသစ်ကျေးရွာမှ ၈ ဦး စုစုပေါင်း ရွာသား ၁၈ ဦးဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့အချိန်အထိ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု မိသားစုများက ပြောကြားသည်။

ပျောက်ဆုံးနေသူ ဦးထွန်းမောင်ဝင်း၏ ဇနီး ဒေါ်ခင်မေဝင်းက “ဖမ်းသွားခဲ့တာ ၂ နှစ်ကြာသွားခဲ့တဲ့အချိန်မှာလည်း  ကျမစိတ်ထဲမှာတော့ လာနိုးနိုးနဲ့မျှော်နေရတာပါပဲ။ သူတို့တွေ ဒီနေ့ချိန်အထိ သေမှန်းမသိ၊ ပျောက်မှန်းမသိ ဖမ်းဆီးသွားပြီးကတည်းကနေ သူတို့ကိုစိုးရိမ်မှု၊ ပူပင်မှုတွေက အခုထိရှိနေတုန်းပါပဲ။ မနေ့တနေ့ကဖြစ်သွားသလိုခံစားနေရတုန်းပဲ။ အဖြစ်မှန်ပေါ်ပေါက်စေချင်တာပေါ့နော်။ ပျောက်ဆုံးသွားတဲ့ ၁၈ ယောက်နဲ့ပတ်သက်ပြီး သတ်လိုက်တယ်ဆိုရင်လည်း သတ်လိုက်တယ်၊ ဘယ်နေရာကိုပို့ထားတယ်ဆိုရင်လည်း ပို့ထားတယ်ဆိုတာကို သိချင်တယ်” ဟုပြောသည်။

ပျောက်ဆုံးနေသည့် တင်းမကြီးရွာမှ ၁၀ ဦးမှာ ဦးအောင်ညွှန့်၊ ဦးထွန်းမောင်ဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးမောင်ဝင်း(ခေါ်) ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်ကြည်လင်း၊ ဦးမောင်စိန်ဝင်း၊ မောင်ထွန်းထွန်းဝေ၊ မောင်နေလင်းဦး တို့ဖြစ်သည်။

အလားတူ ပျောက်ဆုံးနေသည့် တင်းမရွာသစ်မှ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ဖြစ်ကြောင်း မိသားစုများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်ခဲ့သည့်ပြည်ထောင်စုနေ့တွင် AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံနေရသူ ၄၆ ဦးလွတ်လာသည့်အထဲတွင်လည်း ပါလာနိုးနိုးဖြင့် စောင့်မျှော်နေခဲ့ပြီး သတင်းထူးခြားမှုလည်း မကြားခဲ့ရဟု ပျောက်ဆုံးနေသူတစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။

“သတင်းအစနကလုံးဝပျောက်နေတယ်။ သတင်းလေးဘာလေးပေါ်လာဖို့ကို မျှော်နေရတာပါပဲ။ ဥပမာ- ရှိသေးလား၊ သေသွားပြီလား၊ သတ်လိုက်ပြီလားပေါ့။ တစ်ခုမှလည်း သတင်းတွေကမကြားရဘူး။ အမှန်တကယ်ကရှိသေးတယ်ဆိုရင်တော့ ပေါ်လာသင့်ပြီလို့ထင်တယ်။ အခုက သတင်းအစနလည်းမရတော့ အဆက်အသွယ်လည်း ပြတ်တောက်သွားပြီ။ မိဘကလာနိုးနိုးနဲ့ စိုးရိမ်နေကြတယ်။ အချိန်သာကုန်တယ်၊ ၂ နှစ်တောင်ပြည့်တော့မယ်။ ရှိသေးတယ်ဆိုရင်တော့ လွတ်လာသင့်ပြီ။ အခုတော့ မရှိတော့ဘူးလို့ထင်တယ်” ဟုပြောသည်။

ပျောက်ဆုံးသူများတွင် အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားတစ်ဦး၊ ၂၉ နှစ်အရွယ် ဆွံ့အနားမကြားသူတစ်ဦးနှင့် အသက် ၇၀ ကျော်အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း မိသားစုများက ပြောသည်။

ပျောက်ဆုံးနေသူများနှင့်ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးရန် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကလည်း မိသားစုဝင်များက ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှတဆင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တင်ပြခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏စုံစမ်းဖော်ထုတ်ချက်အရ တင်းမရွာသား ၁၈ ဦးကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း တစ်စုံတစ်ရာမလုပ်ခဲ့ဟု ငြင်းဆိုခဲ့ကြောင်း ရခိုင်လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့မှ ဦးမြတ်ထွန်းက နိရဥ္စရာသို့ ပြောသည်။

“အမှန်ကတော့ သူတို့ငြင်းထုတ်လို့မရဘူး။ လူ့အခွင့်အရေးအရ သက်သေအထောက်အထားတွေ အားလုံး ငါတို့ဆီမှာရှိတယ်။ အဲဒါက လူ့အခွင့်အရေးချိုးဖောက်တာလို့ပြောချင်တယ်။ အစအနဖျောက်ဖျက်မှုပေါ့။ လူ့အခွင့်အရေးချိုးဖောက်တာ အစိုးရက အဲဒါကိုကျူးလွန်တယ်လို့ မြင်တယ်။ အသက်ကြီးကြီးတွေ၊ ၁၈ နှစ်မပြည့်သေးတဲ့ကလေးလည်း ပါသွားတော့ ကလေးသူငယ်နဲ့ပတ်သက်လို့လည်း အကျုံးဝင်တယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ မိသားစုဝင်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် မြောက်ဦးခရိုင်ရဲစခန်း၌ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတရာထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းတွင်ရှိသော အဆိုပါတင်းမကျေးရွာအနီးတွင် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂ဝ ရက်ဝန်းကျင်ခန့်က တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့်အတွက် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

ရွာသားများထွက်ပြေးနေကြစဉ် တင်းမကျေးရွာရှိ နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံးမီးရခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတဲ့နေအိမ် ၉၃ လုံးရှိခဲ့ကာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် တင်းမရွာသားများသည် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်ခိုလှုံနေရပြီး နေရပ်ပြန်ရန် အစိုးရထံ အကြိမ်ကြိမ်တောင်းဆိုနေကြသော်လည်း ပြန်ခွင့်မရဘဲဖြစ်နေကြသည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...