မောင်တောတိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦးနှင့် ကားသမားတစ်ဦးသေဆုံး

မောင်တောတိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦးနှင့် ကားသမားတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းရွာအနီး ဖေဖော်ဝါရီ ၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦးနှင့် ကားသမားတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ ဖားဝပ်ချောင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ဒေါ်စောခင်လှနှင့် ငန်းချောင်းကျေးရွာမှ မူဆလင်ကားသမား အေးကိုကို (၂၅ နှစ်)တို့ဖြစ်သည်ဟု ဖားဝပ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာကို ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က ဖားဝပ်ချောင်းကျေးရွာနှင့် ငန်းချောင်းမူဆလင်ကျေးရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

"ညဉ့် ၁၁ နာရီလောက်ကတော့ သေနတ်သံတွေကြားလိုက်တယ်။ မိုးလင်းပြီးမှ ကျွန်တော်တို့ရွာက အမျိုးသမီးတစ်ယောက်နဲ့ ငန်းချောင်းက မူဆလင်တစ်ယောက်သေတယ်လို့သိရတယ်"ဟု ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ သစ်၊ ဝါးရောင်းချသူတစ်ဦးဖြစ်ပြီး မောင်တောမြောက်ပိုင်းသို့ သစ်ဝယ်ရန် မကြာခဏသွားလာနေသူဖြစ်ကြောင်း သိရသည်။

ယမန်နေ့က သစ်ဝယ်ရန်သွားချိန်တွင် လူနာများအားသယ်ယူရန် စစ်တပ်၏ ခေါ်ဆောင်ခြင်းကိုခံရပြီးနောက် ကားမိုင်းဆွဲခံရ၍ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

"တပ်ကလည်း အဲ့လိုပုံစံတော့ ပြောပါတယ်။ လူက ကားလမ်းဘေးကျသွားတယ်။ ကားအခြေအနေက ရှေ့ကစက်အုံတွေဘာတွေ အကာအမိုးတွေတော့ ပြိုသွားပါတယ်။ တာယာတွေပေါက်သွားတယ်" ဟု ဖားဝပ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာကို ပြောသည်။

သေဆုံးသွားသူနှစ်ဦး၏အလောင်းကို လာယူရန် ယနေ့နံနက် စစ်တပ်ဘက်က ဖားဝပ်ချောင်းကျေးရွာသို့ ဆက်သွယ်လာပြီး လက်ရှိတွင် အလောင်းများကို ကျေးရွာအသီးသီးသို့ သယ်ဆောင်သွားကြပြီး ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ညနေပိုင်းက သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

မောင်တောမြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၄ ရက်မှစတင်ကာ တိုက်ပွဲများတစ်ကျော့ပြန် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများမှာ ဖေဖော်ဝါရီလ ၄ ရက်က တစ်ကြိမ်၊ ၆ ရက်က တစ်ကြိမ်နှင့် ၇ ရက်က တစ်ကြိမ်အပြင်းအထန်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...