ရခိုင်တွင် ရွာပေါင်း ၃,၇ဝဝ ကျော်ရှိသည့်အနက် ၂,၂ဝဝ ကျော် လျှပ်စစ်မီးရရှိနေပြီဟုဆို

ရခိုင်တွင် ရွာပေါင်း ၃,၇ဝဝ ကျော်ရှိသည့်အနက် ၂,၂ဝဝ ကျော် လျှပ်စစ်မီးရရှိနေပြီဟုဆို

ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃,ရဝဝ ကျော်ရှိသည့်အနက် ၂,၂ဝဝ ကျော်လျှပ်စစ်မီးရရှိနေပြီဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃,၇၄၂ ရွာရှိသည့်အနက် ယခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ်စသည့် နည်းလမ်းများဖြင့် မီးရရှိသည့် ကျေးရွာပေါင်း ၂,၂၄၆ ရွာရှိနေပြီဖြစ်သည့်အတွက် ၆ဝ ရာခိုင်နှုန်းခန့်လျှပ်စစ်မီးသုံးစွဲနိုင်ကြပြီဟု ယနေ့ ဖေဖော်ဝါရီလ ၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

စစ်တွေမြို့နှင့် ၇ မိုင်ခန့်သာဝေးသည့် ဝါဘိုကျေးရွာသည်လည်း ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်မှစတင်ကာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဟု သိရသည်။

ဝါဘိုကျေးရွာ လျှပ်စစ်မီးစတင်ရရှိခြင်းဖွင့်ပွဲအခမ်းအနားကိုလည်း နစကကောင်စီဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ မန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လယ်တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့် ဝါဘိုကျေးရွာတွင် လျှပ်စစ်မီးမရှိ၍ လက်ရက္ကန်းကိုသာလုပ်ကိုင်ခဲ့ရပြီး ညဘက်ရက်လုပ်ရန် အဆင်မပြေမှုများရှိခဲ့သည့်အတွက် ယခုကဲ့သို့ လျှစ်စစ်မီးရရှိသည့်အပေါ် အလွန်ဝမ်းသာကြောင်း ဝါဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးက နိရဥ္စရာကို ပြောသည်။

"ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ၊ စီးပွားရေးကို အဆင့်မြှင့်တင်ချင်လို့ မီးပေးတယ်လို့ ပြောပါတယ်။ အရင်ကဆို ကျွန်တော်တို့မှာ လက်ရက္ကန်းရက်တယ်လေ။ အခုကျတော့ သူတို့ဆီက စက်ရက္ကန်းထုတ်ပေးမယ်။ အရင်ကဆို ညဘက်တွေ ရက်လို့မရဘူး။ အခုဆို မီးလင်းတော့ ညဘက်မီးလင်းရင် ညဘက်လည်း ရက်လို့ရမယ်"ဟု ပြောသည်။

လက်ရှိတွင် မီတာဘောက်မရသေးသော်လည်း ဝါဘိုကျေးရွာမှအိမ်ခြေ ၂ရဝ ကို စစ်တွေလျှပ်စစ်ဓာတ်အားခွဲရုံမှ ဒါးမီးနှင့် လျှပ်စစ်မီးပေးထားကြောင်း သိရသည်။

ယခင်ကဆိုလျှင် အဆိုပါရွာတွင် လျှပ်စစ်မီးမရှိသည့်အတွက် ဆိုလာ၊ ဆီမီးခွက်နှင့် ဖယောင်းတိုင်တို့ဖြင့် နေခဲ့ရသည်ဟု ဆိုသည်။

ဝါဘိုကျေးရွာတွင် အိမ်ခြေ ၃၁၆ ဆောင်နှင့် လူဦးရေ ၁၇၆၉ ဦးရှိသည်။

ရခိုင်တွင် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှစတင်ကာ ကျွန်းမြို့တစ်မြို့ဖြစ်သည့် မာန်အောင်မြို့မှအပ ကျန်မြို့ ၁၆ မြို့နှင့် မြို့နှင့်နီးကပ်သည့်ကျေးရွာများတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဟု သိရသည်။

လက်ရှိတွင် ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည့်အတွက် လျှပ်စစ်မီးသုံးစွဲသူများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ - ဂေါယာမြေ စောဝင်း

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...