အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရမှုတွင် လူ ၁၀ ဦးကျော် ဖမ်းဆီးစစ်ဆေးခံရ

အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရမှုတွင် လူ ၁၀ ဦးကျော် ဖမ်းဆီးစစ်ဆေးခံရ

မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး အပါအဝင် လူ (၁၀) ဦးကျော်ကို ဖမ်းဆီးစစ်ဆေးခံရနေကြောင်း ရဲအသိုင်းအဝိုင်းမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေတွင် ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ညိုလေးနှင့် အခြားသံသယရှိသူ (၁၀) ဦးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က " ရွေးကော်ကတော့ ကျွန်တော်တို့ ဖမ်းတာမဟုတ်ပါဘူး။ စစ်တပ်က တိုက်ရိုက်ခေါ်ပြီး စစ်ဆေးနေတာမျိုးဖြစ်မယ်။ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုး လုပ်ဆောင်နေပါတယ်။ ရွေးကော်အပြင် ၁၀ ယောက်ကျော်လောက်ရှိသေးတယ်" ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၌ပြုလုပ်သည့် နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး ‌ရေးမှ အစင်သို့အပြန် အဘော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆိုင်ကယ်စီးလူများက ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေဆုံးခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသူများနှင့် လမ်းသွားလမ်းလာတချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ယမန်နေ့ည ဖေဖော်ဝါရီလ ၂ရက်နေ့ ညပိုင်းတွင်လည်း ဒူးယားရွာရှိ ဆိုင်ကယ်စီးလူငယ်နှစ်ဦးကို စစ်တပ်က ခေါ်ယူစစ်ဆေးမှုမျိုး လုပ်ခဲ့သေးကြောင်း သိရသည်။

"ခလေးနှစ်ယောက်က ဒီဖက်ကအေးချမ်းတော့ ညဘက်က ဆိုင်ကယ်နဲ့ထွက်တာ စစ်တပ်ကတွေ့တော့သူတို့ကိုလှမ်းခေါ်တယ်။ မိုးပေါ်သေနတ်ဖောက်ပြီးခြောက်တယ်။ပြီးတော့ ခေါ်မေးပြီးပြန်လွှတ်လိုက်ပါတယ်။" ဟု ဒူးယားရွာဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရမှု ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အစင်ရပ်ကွက်ရုံးတွင် အထိုင်ချကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...