မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊ ပြည်သူ့စစ် နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့က စစ်မှုထမ်းအဖြစ် အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ် ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
စစ်တပ်၊ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့တို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့က ဘီးလင်းမြို့ပေါ်နှင့် ဘီးလင်း - တောင်စွန်း ကားလမ်းတို့တွင် မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ လူငယ်များကို လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးမှုအတွင်း လူငယ် ၇ ဦး ဖမ်းဆီးရမိခဲ့ရာ ၎င်းတို့ထဲတွင် ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူလည်း ပါဝင်ခဲ့သည်။
ဖမ်းဆီးခံရသည့် ရဲတပ်ကြပ်၏ ညီဖြစ်သူ ပြန်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက နည်းမျိုးစုံဖြင့် ကြိုး ပမ်းခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ရဲတပ်ကြပ်ရဲ့ ညီဖြစ်သူက ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်မှာ အဖမ်းခံလိုက်ရတာပါ။ ကျန်လူငယ်တွေက တောင်စွန်းနဲ့ ပေါက်တောရွာတွေက လို့ သိရပါတယ်။”
စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အဆိုပါလူငယ်များကို ဩဂုတ်လ ၄ ရက်နေ့တွင်ပင် မော်လမြိုင်မြို့ရှိ စစ်မှုထမ်းစုဆောင်းရေးစခန်းသို့ ချက်ချင်း ပို့ဆောင်ခံလိုက်ရသည်။
စစ်တပ် အနေဖြင့် စစ်မှုထမ်းသင်တန်းများအတွက် တပ်သားစုဆောင်းရရှိမှု နည်းပါးလာခြင်းကြောင့် နိုင်ငံ့ ဝန်ထမ်း မိသားစုဝင်များကိုပါ ကင်းလွတ်ခွင့်မပေးဘဲ ယခုအခါ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုပါ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းစေလာနေပြီ ဖြစ်သည်။
လက်ရှိတွင် မွန်ပြည်အတွင်း စစ်တပ်နှင့် ပူးပေါင်းအဖွဲ့များက ဒေသန္တရအမိန့်များကို အကြောင်းပြကာ လူငယ် များကို ပစ်မှတ်ထား၍ နေ့စဉ်နှင့်အမျှ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ အချက်အလက်များအရ စစ်မှုထမ်းအမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၇) အထိ မွန်ပြည်နယ်အတွင်း စစ်မှုထမ်းအကျုံးဝင်သူ ၅,၈၀၀ ထက်မနည်း စစ်မှုထမ်းရန် တပ်သား စုဆောင်းခံထားရသည်။







