ANP ပါတီနှင့် ရခိုင်မျိုးနွယ်စုခေါင်းဆောင်များ မြောက်ဦးတွင် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး

ANP ပါတီနှင့် ရခိုင်မျိုးနွယ်စုခေါင်းဆောင်များ မြောက်ဦးတွင် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး

ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင်ပြည်တွင်းနေထိုင်ကြသော ရခိုင်မျိုးနွယ်စုဝင်လူမျိုးခေါင်းဆောင်များသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ၂ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၉ ရက်မှ ၃၀ ရက်အထိ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံဆွေးနွေးမှုသည် တိုင်းရင်းသားမျိုးနွယ်စုများကြား အမြင်သဘောထားများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသည့် အခင်းအကျင်းတစ်ရပ်ကို ဖန်တီးခြင်းဖြစ်ကြောင်း ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“တွေ့ဆုံဆွေးနွေးဖြစ်တဲ့အတွက်ကြောင့် သူတို့မှာ ရှိနေတဲ့ အခက်အခဲ၊ အကျပ်အတည်း သဘောထားအမြင်တွေ၊ မြန်မာနိင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်အမြင်၊ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ သဘောထားအမြင်တွေကြားထဲမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေတဲ့ အခင်းအကျင်းတစ်ရပ်ကို ဖန်တီးတာပါ” ဟု ဦးသာထွန်းလှက ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ပြည်တွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား၊ နိုင်ငံသားလူမျိုးစုခေါင်းဆောင်များ ပိုမိုရင်းနှီးသွားဆက်ဆံရေးကောင်းများ တည်ဆောက်ရန်နှင့် ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ပြည်တွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား၊ နိုင်ငံသားလူမျိုးစုခေါင်းဆောင်များကြား ပုံမှန်ဆက်သွယ်ရေးနှင့် ပုံမှန်ဆက်ဆံရေး ယန္တရားတစ်ခုထူထောင်ပြီး ရခိုင်ပြည်တွင်းရေးများကို အတူတကွ သာတူညီမျှ ဝိုင်းဝန်းဖြေရှင်းသွားရန်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပါတီငယ်များသည် ဥပဒေအရ လူမျိုးကို ကိုယ်စားပြုတည်ထောင်ထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်ကြသည့် ပါတီငယ်များဖြစ်ကာ လူမျိုးတစ်ခုချင်းစီတွင် လူဦးရေနည်း၍ ထိုပါတီများတွင် လွှတ်တော်နေရာရရန် မျှော်လင့်ချက်မရှိသည့်အတွက် ပါတီကြီးများအနေဖြင့် သဘောထားကြီးစွာဖြင့် နေရာပေးရန်လိုအပ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ခမီအင်အားစုကော်မတီ ဒါရိုက်တာ ဦးရွှေဘော်စိန်က ပြောသည်။

“ဒီနေ့အချိန်ထိ ၂၀၁၀ ၊ ၂၀၁၅၊ ၂၀၂၀ ထိကို တွေ့ဆုံညှိနှိုင်းမှုမရှိခဲ့ဘူး။ ပါတီတစ်ခုနဲ့ တစ်ခုလည်း ချိတ်ဆက်မှုမရှိတဲ့အခါ ကျနော်တို့အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်ပြီးတော့ ခမီအင်အားစုဖောင်ဒေးရှင်းက အဓိက ကမကထလုပ်ပြီးတော့ တစ်ဖက်က ကိုယ်တို့ရဲ့ တိုင်းရင်းသားမျိုးနွယ်စုပါတီတွေနဲ့ တွေ့ဆုံပွဲတစ်ရပ်ကို လုပ်ပေးသင့်တယ်ဆိုပြီးတဲ့ အခင်းအကျင်းကို ကြိုးစားခဲ့ကြတာပါ။ ဒါကလုပ်သင့်သလို သဘောထားကြီးကြီးနဲ့ ရှေ့ကိုသွားကြမယ်ဆိုရင် အားလုံးအတွက်အဆင်ပြေဖို့လို့ မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီမှတာဝန်ရှိသူများအပါအဝင် မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ဟိန္ဒူ၊ ကမန်၊ ချင်းစသည့်လူမျိုးများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...