အမျိုးအမည်မသိ မီးတောက်အလင်းတန်း ပင်လယ်ထဲမကျမီ သုံးချက်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဟုဆို

အမျိုးအမည်မသိ မီးတောက်အလင်းတန်း ပင်လယ်ထဲမကျမီ သုံးချက်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဟုဆို

မာန်အောင်ကျွန်း အနောက်တောင်ဘက် ရခိုင်ပင်လယ်ပြင်ထဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီ ခွဲခန့်က ကျသွားသော မီးတောက်အလင်းတန်းသည် ပင်လယ်ထဲသို့ မကျမီ ကောင်းကင်ပေါ်၌ သုံးချက်ဆင့် ပေါက်ကွဲခဲ့သည်ဟု တောင်ကုတ်မြို့နယ် ပင်လယ်ကမ်းစပ်ကျေးရွာ တစ်ခုဖြစ်သည့် ကုလားရောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

“ မနက် မိုးလင်းတော့မယ့်အချိန်မှာ ဖြစ်တာ။ တောင်ကုတ်ဖက်ကနေ မီးခိုးတန်းတစ်ခုလာတယ်။ ကျနော်တို့ရွာ အပေါ်က ကောင်းကင်မှာ မိုးကြိုးပစ်သလိုမျိုး ၃ ချက်ဆင့်ပြီး ပေါက်ကွဲသွားတယ်။ မီးခိုးတန်းကတော့ ပင်လယ်ထဲကို ထိုးကျသွားတယ်” ဟု ၎င်းက ပြောသည်။

ထိုမီးခိုးတန်းများသည် မာန်အောင်ကျွန်း အနောက်တောင်ဘက် ပင်လယ်ထဲသို့ ထိုးကျသွားပြီးနောက် အဆိုပါ ပေါက်ကွဲသံများနှင့် မီးခိုးတန်းများကျရောက်သည်ကို ဒေသခံများကြား ထင်ကြေး အမျိုးမျိုးပေးနေကြသည်ဟု ဆိုသည်။

တောင်ကုတ်မြို့နယ် ရှင်သန်းရေးကူညီမှုအသင်းမှ ကိုညိုမင်းအောင်က “ပြောသံတွေတော့ ကြားတယ်။ မီးခိုးတန်းကိုမြင်လိုက်ရပြီးတော့ အပေါ်မှာ ပေါက်ကွဲသံကြားတယ်။ ဘာဖြစ်မှန်းကို ဘယ်သူမှ ရေရေရာရာမသိဘူး။ လေယာဉ်ပဲ ပျက်ကျသလိုလို အမျိုးမျိုး ထင်ကြေးပေးနေကြတယ်” ဟု ပြောသည်။

ပင်လယ်ထဲသို့ ငါးဖမ်းသွားသူများနှင့်လည်း အဆက်အသွယ် ရရှိရန်ကြိုးစားနေပြီး ပေါက်ကွဲသံနှင့်အတူ မီးခိုးတန်းများတွေ့ရသည်မှာ တောင်ကုတ်မြို့နယ်၏ တောင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က စစ်တွေ့မြို့နယ်အနီး ရခိုင်ပင်လယ်ပြင်သို့ တရုတ်အာကာ သယာဉ်အပိုင်းအစအချို့ ကျရောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...