ရခိုင်တွင် စက်သုံးဆီစျေးများ တဖြည်းဖြည်း မြင့်တက်လာ

ရခိုင်တွင် စက်သုံးဆီစျေးများ တဖြည်းဖြည်း မြင့်တက်လာ

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးများ တဖြည်းဖြည်းမြင့်တက်လာနေကြောင်း သိရသည်။

ယခုလ ဇန်နဝါရီ ၁၁ ရက်က အောက်တိန်း (92) တစ်လီတာကို ငွေကျပ် ၁,၅၀၀ ဝန်းကျင်ရှိခဲ့ရာမှ တဖြည်းဖြည်းနှင့် စျေးများတက်လာခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၄ တွင် အောက်တိန်း (92) တစ်လီတာကို ငွေကျပ် ၁,၇၀၀ ဝန်းကျင်အထိမြင့်တက်လာခဲ့သည်။

ယခုကဲ့သို့ ဆီစျေးများပြန်လည်မြင့်တက်လာသည့်အတွက် ဆိုင်ကယ်ကယ်ရီမောင်းနေသူများ၊ သုံးဘီး၊ အိန္ဒိယသုံးဘီး(တုတ်တုတ်)နှင့် ကားမောင်းနေသူများအပါအဝင် စက်သုံးဆီသုံးစွဲနေသူများတွင် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

စစ်တွေမြို့မှ အိန္ဒိယသုံးဘီး(တုတ်တုတ်) မောင်းနေသူ ဦးမောင်လှက “စျေးတောင်းရတာက ပုံမှန်စျေးပဲ။ ဆီဖိုးလည်း မရဘူး။ စားဝတ်နေရေးအတွက် တစ်ရက်ထက်တစ်ရက် ရုန်းကန်နေရတာပဲ။ တစ်ရက်စာကို တစ်ရက် ရှာလို့မရဘူး အခုအချိန်မှာ။ ခရီးသည်တွေကလည်း ပိုက်ဆံရှာမရသလို ကိုယ်တွေကလည်း တောင်းလို့မရဘူး။

တုတ်တုတ်မောင်းတဲ့သူတွေလည်း ပေါလာတော့၊ အားလုံးသူက ဒီဟာပဲ လုပ်စားနေကြတာကိုး၊ ကိုယ့်ပြည်မှာက။ တစ်မနက်မောင်းလို့ ငါးထောင်ရရင်၊ ဆီ ငါးထောင်ဖိုးထည့်လိုက်တာနဲ့ ကွက်တိပဲ” ဟုပြောသည်။

စစ်တွေမြို့မှ ရွှေရိုးမဆီဆိုင်ကြီးတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်၌ ဒီဇယ်ဆီတစ်လီတာကို ၁,၇၁၀ ကျပ်၊ ပရီမီယာ တစ်လီတာကို ၁,၇၂၀ ကျပ်၊ အောက်တိန်း (92) တစ်လီတာကို ၁,၇၀၀ ကျပ်နှင့် အောက်တိန်း (95) တစ်လီတာကို ၁,၇၇၀ ကျပ်တို့ အသီးသီးပေါက်စျေးရှိနေသည်။

ပြင်ပစက်သုံးဆီအရောင်းဆိုင်များတွင် အောက်တိန်း (92) တစ်လီတာကို ၁,၉၀၀ ကျပ်ခန့်အထိ ရောင်းချနေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် အစိုးရထံမှ ဆီတင်သွင်းရောင်းချခွင့် တိုက်ရိုက်ရရှိထားသည့် စစ်တွေမှ ကျော်ဇံဆီဆိုင်ကြီးတွင် ဒီဇယ်ဆီ တစ်လီတာကို ၁,၆၇၀ ကျပ်၊ ပရီမီယာ တစ်လီတာကို ၁,၆၉၀ ကျပ်၊ အောက်တိန်း(92) တစ်လီတာကို ၁,၆၅၀ ကျပ်နှင့် အောက်တိန်း(95) တစ်လီတာကို ၁,၇၄၀ ကျပ်ဖြင့် ရောင်းချနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလကုန်ပိုင်းက ကမ္ဘာ့ရေနံစိမ်းလဲလှယ်နှုန်းများ မြင့်တက်သွားခဲ့သည့်အတွက် အောက်တိန်း (92) တစ်လီတာကို ၂,၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သေးသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...