ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်သို့ ၃ လအတွင်း ကန်ဒေါ်လာ ၁၂ သန်းကျော်ဖိုး တင်ပို့ခဲ့

ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်သို့ ၃ လအတွင်း ကန်ဒေါ်လာ ၁၂ သန်းကျော်ဖိုး တင်ပို့ခဲ့
ဓာတ်ပုံ - စစ်တေွရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ်။ Photo - အိမ်စိုးဖြူ / နိရ ဉ္စရာ
ဓာတ်ပုံ - စစ်တေွရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ်။ Photo - အိမ်စိုးဖြူ / နိရ ဉ္စရာ

ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၃ လအတွင်း ကန်ဒေါ်လာ ၁၂ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။

ရခိုင်မှနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်သော စစ်တွေရွှေမင်းဂံကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်သွယ်မှုပြန်လည်စတင်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်မှ ယခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်အထိ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂၁၄ သန်းဖိုးတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုအနက် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂၅ သန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၂၄ သန်းကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ရေထွက်ပစ္စည်းများထဲမှ ရေချိုငါးအများဆုံးတင်ပို့နိုင်ခဲ့ပြီး စစ်တွေကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၆၅ သန်းဖိုးနှင့် မောင်တောနယ်စပ် ကညင်ချောင်းကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ ၄ ဒသမ ၃၇ သန်းဖိုးတင်ပို့နိုင်ခဲ့သည်ဟု သိရသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ အဓိကတင်ပို့ကုန်များမှာ ရေချိုငါး၊ ကြက်သွန်နီနှင့် ဒေသထွက်ကုန်များဖြစ်သော အုန်းသီး၊ ကွမ်းသီး၊ မတ်ပဲနှင့် ငါးနီတူခြောက် တို့တင်ပို့နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဖက်တွင်လည်း ကြက်သွန်နီပေါ်လာသည့် ရာသီဖြစ်လာ၍ ယင်းဘက်တွင်ရရှိနိုင်သဖြင့် ကြက်သွန်နီဝယ်လိုအားမှာ ယခင်ထက် ကျဆင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က “ကုန်အပို့တွေကတော့ ဒီလထဲ နည်းလာတယ်။ နည်းလာတာကတော့ ဟိုဘက်က ဝယ်လိုအားကျဆင်းတာတွေပါမယ်။ ဒီဘက်ကပစ္စည်းတွေ မရနိုင်တာကြောင့်လည်း ပါမယ်” ဟု နိရဥ္စရာကိုပြောသည်။

ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်အဖြစ် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဖြတ်ပြီးသား တီရှပ်အပိုင်းအစများကိုသာ ကန်ဒေါ်လာ ၀ ဒသမ ၀၀၆ သန်းဖိုး တင်သွင်းနိုင်ခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင်မူ ပလတ်စတစ်ရေတိုင်ကီ သွင်းကုန် ကန်ဒေါ်လာ ၀ ဒသမ ၀၄၄ သန်းဖိုးတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ- ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုရှိပြီး ယင်းတို့မှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တောကညင်ချောင်းစီးပွားရေးဇုံ၊ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လွန်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ခန့်က စတင်ကုန်သွယ်ခဲ့သည့် တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်သည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...