ကျောက်တော် တောင်မင်းကုလားစစ်ဘေးရှောင်နေအိမ်အဆောင်များပျက်စီးပြီး ရွှံ့ရေကိုသောက်သုံးနေရဟုဆို

ကျောက်တော် တောင်မင်းကုလားစစ်ဘေးရှောင်နေအိမ်အဆောင်များပျက်စီးပြီး ရွှံ့ရေကိုသောက်သုံးနေရဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရှိ နေအိမ်အဆောင်များမှာလည်း ပျက်စီးနေ၍ စစ်ဘေးရှောင်များသည် ရွှံ့ရေကိုသောက်သုံးနေရသဖြင့် အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်နေကြောင်း သိရသည်။

ရေခြမ်းခြောက်လာပြီဖြစ်၍ ကန်တွင်လက်ကျန်ရှိနေသည့်ရွှံ့ရေများကိုသာ သောက်သုံးနေရသည့်အတွက် ကျန်းမာရေးထိခိုက်နေသည်ဟု အဆိုပါစခန်းမှ အမျိုးသမီးနှင့်ကလေးငယ်တာဝန်ခံ ဒေါ်မအေးခိုင်က ပြောသည်။

“ရေကချိုးရင် ယားယံတာတွေဖြစ်လာပြီ။ ရေကန်က လူလည်း ခပ်တယ်။ နွားလည်း လာသောက်တယ်။ မသန့်ရှင်းဘူး။ ရွှံ့ရေလိုဖြစ်နေပြီ။ ရေကန်မှာလည်း ရေ ၂ ပေလောက်ပဲကျန်တော့တယ်။ တော်တော်အခက်အခဲဖြစ်နေကြပါတယ်” ဟုပြောသည်။

တောင်မင်းကုလားကျေးရွာရှိ ရေကန်သို့ ရေသွားရောက်ခပ်ယူရန်လည်း ယင်းရေကန်သည် စစ်ဘေးရှောင်စခန်းနှင့် ပေ ၂ ထောင်ခန့်ကွာဝေးသဖြင့် စခန်းအနီးရှိ လက်ရှိရေကန်ကိုသာ အားထားနေရခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

စခန်းအနီးရှိရေကန်မှာ ပေ ၅ဝ ခန့်အကျယ်ရှိပြီး NGO အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ပြုပြင်ထားသော်လည်း ရေထွက်ကြောမရှိသဖြင့် မိုးရေတင်ကျန်ခဲ့သည်ကိုသာ အသုံးပြုနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းတွင် ကျောက်တော်မြို့နယ်မှ မြိုလူမျိုးအများဆုံးနှင့် ခမီလူမျိုးမိသားစုအချို့အပါအဝင် စစ်ဘေးရှောင် ၅၂၇ ဦး ခိုလှုံနေကြောင်း သိရသည်။

၄င်းတို့၏နေအိမ်အဆောင်များသည်လည်း လက်ရှိတွင် ပြိုပျက်လျက်ရှိပြီး အရေးပေါ်ပြုပြင်ရန် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက ပြောသည်။

“ဒီနေ့ ဇန်ဝါရီ ၁၅ ရက်နေ့ မနက်ကလည်း မိုးရွာတော့ ခေါင်မိုးကမိုးတွေယိုနေတာနဲ့ မိုးမစိုတဲ့နေရာကို ပြောင်းနေကြရတယ်။ ကလေးငယ်တွေကလည်း အအေးဒဏ်နဲ့ကျန်းမာရေးမကောင်းဖြစ်မှာစိုးရပါတယ်။ မနှစ်ကမိုးရာသီမတိုင်ခင်ဆောက်ထားတာ။ တာပေါ်င်စတွေမိုးတဲ့အိမ်နဲ့ ဓနိမိုးတဲ့အိမ်တွေပါ။ ပြန်ဆောက်ပေးဖို့လိုအပ်နေပါပြီ” ဟု ပြောသည်။

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒီဇင်ဘာလအတွင်းတွင် ကျောက်တော်မြို့နယ် ပညာဝ၊ ငစွယ်နှင့် ပါချေ ကျေးရွာတို့မှ စစ်ဘေးရှောင်များသည် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးခိုလှုံနေကြခြင်းဖြစ်သည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...